သံတွဲ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်နေ

သံတွဲ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်နေ
သံတွဲ စစ်ဘေးရှောင်စခန်းတစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - လေးဝတီ (သံတွဲ)
သံတွဲ စစ်ဘေးရှောင်စခန်းတစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - လေးဝတီ (သံတွဲ)

ရခိုင်ပြည်၊ သံတွဲမြို့နယ်က စစ်ဘေးရှောင်များမှာ အလှူရှင်နည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ စစ်ဘေးရှောင်အချိန် ကြာမြင့်လာခြင်းနှင့် ကုန်ဈေးနူန်း အဆမတန်မြင့်တက်ခြင်းတို့ကြောင့် စားဝတ်နေရေး အခက်ကြုံနေကြသည်။

သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၂,၀၀၀ ကျော်ရှိပြီး လက်ရှိတွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်အတူ ငတ်ပြတ်နေသူများလည်း ရှိလာနေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောသည်။

"ပင်လယ်ထွက်ဖို့ကလည်း အဆင်မပြေတော့ လုပ်စရာ အလုပ်မရှိဘူး။ စစ်ဘေးရှောင်တာလည်း ကြာလာပြီ။ ရောင်းစားစရာလည်း မရှိတော့ဘူး။ အခုနောက်ပိုင်း ကူညီထောက်ပံ့ရေးအဖွဲ့ဆိုလည်း သိပ်မရောက်တော့ အငတ်ဘေးဆိုက်တော့မယ်" ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

သံတွဲဒေသခံများမှာ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းကို အဓိကမှီခို၍ လုပ်ကိုင်စားသောက်ကြပြီး လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေသဖြင့် ‌နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြခြင်း ဖြစ်သည်။

ယင်းအပြင် ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့အစည်းများမှာလည်း အလှူငွေရရှိမှု နည်းပါးကာ ကျန်းမာရေးစောင့်ရှောက်မှုများကိုပါ ကူညီနေရသောကြောင့် စစ်ဘေးရှောင်စခန်းအချို့မှာ ရိက္ခာပြတ်လပ်မှုများ ရှိလာသည်။

"တချို့ စစ်ရှောင်စခန်းတွေဆို စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံနေရတယ်။ ဒီဒေသက အဖွဲ့အစည်းတွေကတော့ စစ်ဘေးရှောင်တွေ ဆေးကုသတဲ့ဖက်ကိုလည်း အားစိုက်နေရတော့ စားနပ်ရိက္ခာဖက်ကို အားနည်းသွားတာပေါ့။ ကျနော်တို့ ဆန်တစ်ခုပဲ လှူနိုင်တဲ့အခါ ထမင်းတစ်ခုပဲ စားကြရတဲ့ စစ်ရှောင်တွ ရှိတယ် " ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ဦးဖြိုးမောင်မောင်က ပြောသည်။

ယင်းအပြင် စစ်ဘေးရှောင်များမှာ အာဟာရချို့တဲ့ခြင်း၊ ကာလကြာမြင့်စွာ အမိုးအကာ မလုံခြုံသည့်နေရာများတွင် နေထိုင်ရခြင်းတို့ကြောင့် ကျန်းမာရေးချို့တဲ့သူများလည်းရှိသည်ဟု လေးဝတီ- သံတွဲ စစ်ဘေးရှောင်များ ကူညီထောက်ပံရေးအဖွဲ့က ဧပြီ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်က စစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ အရေပြားယားနာအပါအဝင် ရေရှားပါးသည့် ပြဿနာတို့ကိုလည်း ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။

မကွေးတိုင်း၊ မင်းတုန်းမြို့အစွန်ရှိ မင်းတုန်းချောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ရစဉ်။ ဓာတ်ပုံ- RFA
June 8, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်း၊ မင်းတုန်းမြို့အနောက်ဘက်ခြမ်းရှိ...
June 8, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် အာဏာသိမ်းစစ်တပ်က ဂျိုင်ရိုကော်ပတာ လေ့ကျင့်နေစဉ်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
June 6, 2026
ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည်...
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...