မန္တလေးမြို့ အိမ်သာနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်

မန္တလေးမြို့ အိမ်သာနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်
ပုံအညွှန်း - မန္တလေးမြို့ ငလျင်ဘေးသင့်သူများ လမ်းမဘေးတွင် နေထိုင်နေရ။
ပုံအညွှန်း - မန္တလေးမြို့ ငလျင်ဘေးသင့်သူများ လမ်းမဘေးတွင် နေထိုင်နေရ။

အင်အားပြင်း ငလျင်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရသည့် မန္တလေးမြို့တွင် ရေအိမ်သာများနှင့် သောက်သုံးရေများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။

မတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုပြီး ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာပြည်တဝှမ်းတွင် သေဆုံးသူ စုစုပေါင်း (၃၈၆၆) ဦးရှိရာ ထိုထဲတွင် မန္တလေးတိုင်းဒေသကြီးမှ သေဆုံးသူ (၂၄၆၂) ဦးရှိပြီး အဆောက်အဉီများစွာ ပြိုကျပျက်စီးခဲ့သည်။

ထိုငလျင်ဒဏ်ကြောင့် မန္တလေးပြည်သူများသည် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။

လက်ရှိအချိန်အထိ မန္တလေးမြို့တွင် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ဆက်တိုက်ဖြစ်နေပြီး အဆောက်အဦးထဲ ပြန်၍ဝင်အိပ်ခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရဲသေးဘဲ လမ်းဘေးတွင် တဲများထိုးခြင်း၊ ခြင်ထောင်များထောင်၍ ညအိပ်လာသည်မှာ ၅ ရက် ရှိလာပြီဖြစ်ကြောင်း သိရသည်။

“အခု လမ်းဘေးမှာ တဲထိုးကြတယ်၊ နောက်ပြီး ခြင်ထောင် ထောင်အိပ်ကြပေါ့။ အိမ်သာတွေကလည်း မရှိတော့ ဖြစ်သလိုပဲ လမ်းဘေးမှာ အပေါ့၊ အလေး သွားရတယ်။ အခု ၆ ရက်မြောက် ရှိလာပြီဆိုတော့ မကယ်ထုတ်ရသေးတဲ့ အလောင်းတွေ အနံ့ကလည်း ပုပ်စော်နံတယ်၊ အနံ့အသက် မျိုးစုံပဲ” ဟု မန္တလေးမြို့ ငလျင်ဒဏ်သင့်သည့် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်

ငလျင်ဘေးသင့်မှုကြောင့် ရေအိမ်သာများ အရေးပေါ်လိုအပ်နေကြောင်း၊ အပေါ့အလေးကို လမ်းဘေးတွင် စွန့်ကြဲမှုကြောင့် အနံ့အသက် ဆိုးရွားသကဲ့သို့ တိုက်ပြိုကျပြီး ပိမိသည့် အလောင်းများကိုလည်း မထုတ်နိုင်သေးသည့်အတွက် ပုပ်စော်နံနေကြောင်း ၎င်းက ဆက်ပြောသည်။

“အလှူရှင်တွေက လာလှူဒါန်းတာရှိတယ်၊ အခုက အိမ်သာ အရေးပေါ်လိုတယ်။ နောက်ပြီး သောက်သုံးရေတွေလည်း အရမ်းကို လိုအပ်နေတယ်။ တချို့တိုက်တွေဆိုရင် ကယ်ဆယ်ရေးတောင် မရောက်ဘူး” ဟုလည်း မန္တလေးမြို့ ငလျင်ဒဏ်သင့် ပြည်သူများကို သွားရောက်ကူညီနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

မကြာမီ မိုးရွာသွန်းနိုင်သဖြင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် မိုးကာတဲများ လိုအပ်သကဲ့သို့ ၎င်းတို့အတွက် ယာယီတဲများလည်း ဆောက်လုပ်ပေးရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

“လိုအပ်ချက်ကတော့ များတယ်။ အခုက အဆောက်အဉီတွေထဲလည်း ဝင်မအိပ်ရဲတော့ လမ်းဘေးမှာ ယာယီတဲထိုးပေးဖို့ လိုတယ်။ မိုးကာတွေလည်း အမြန်ဆုံး လိုအပ်နေတယ်” ဟု ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီနေသည့် ၎င်းအမျိုးသားက ဆိုပြန်သည်။

လက်ရှိတွင် မန္တလေးမြို့ရှိ ရပ်ကွက်အသီးသီးတွင် ပြိုကျပျက်စီးနေသော အဆောက်အဦးများကို ပြန်လည်ပြင်ဆင်ရေး မလုပ်ဆောင်နိုင်သေးဘဲ အချို့နေရာများမှ သေဆုံးသူ ရုပ်အလောင်းများကို တူးဖော်နိုင်ခြင်း မရှိသလို ကယ်ဆယ်ရေးလုပ်ငန်းများ အားနည်းနေသေးကြောင်း သိရသည်။

လက်ရှိ မန္တလေးမြို့တွင် Sky Villa ကွန်ဒိုနှင့် ဂရိတ်ဝေါလ် ဟိုတယ်တို့တွင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး စစ်ကောင်စီတပ်သားများလည်း လမ်းပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

February 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပသည့်...
February 10, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့်...
February 9, 2026
စိုင်းဟန်လင်း — ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က...
February 7, 2026
သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း...