တောင်ကြီး ငလျင်လှုပ်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်နေပြီး ရေပြတ်လပ်၊ ရေကို အလုယက်ဝယ်သုံးနေရ

တောင်ကြီး ငလျင်လှုပ်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်နေပြီး ရေပြတ်လပ်၊ ရေကို အလုယက်ဝယ်သုံးနေရ
ငလျင်ဒဏ်သင့်သည့် တောင်ကြီးမြို့ထဲက အဆောက်အဉီး။
ငလျင်ဒဏ်သင့်သည့် တောင်ကြီးမြို့ထဲက အဆောက်အဉီး။

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ငလျင်လှုပ်ပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက် ခံထားရသောကြောင့် ရေပြတ်လပ်နေကြသည်ဟု စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တောင်ကြီးတွင် လျှပ်စစ်မီး ပြတ်တောက်ခံထားရသောကြောင့် သုံးရေအတွက် အခက်အခဲရှိနေပြီး ရေကို ဈေးကြီးပေး၍ အလုအယက် ဝယ်ယူအသုံးပြုနေကြရသည်ဟု မြို့ခံများထံမှ သိရသည်။

“ရေမချိုးရတာ သုံးရက်ရှိပြီ၊ ရေမရဘူး မီးလည်း မလာဘူး။ သောက်ရေတောင် ချွေတာ သောက်နေရတယ်။ ဖုန်းအားလည်း နေရောင်ခြည် (ဆိုလာ) ပြားနဲ့ အားသွင်းနေရတယ်။ ရေဝယ်ရင်လည်း အော်ဒါကြိုမှာ ရတယ်။ သူတို့က မှာတဲ့သူတွေများတော့ တစ်ရက်ကြိုမှာထားရတာ။ ရေက ဈေးကြီးဝယ်ရတော့ စားဖို့ထဲက ဖယ်ပြီး ရေဝယ်သုံးနေရတာ” ဟု မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယခင်က ရေကားတစ်စီးလျှင် ကျပ်(၈ထောင်)မှ တစ်သောင်းကျပ် အထိသာ ပေးဝယ်သုံးစွဲရသော်လည်း ယခုအချိန်တွင် ရေကားတစ်စီးလျှင် ကျပ်(၄သောင်း)မှ နေရာအနီးအဝေးပေါ်မှုတည်၍ ကျပ်( ၅သောင်း) ကျော်အထိ ပေးဝယ်သုံးစွဲနေရသည်ဟု ၎င်းက ဆက်ပြောသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ကျောက်တုံးကြီး တစ်လုံး တောင်ကြီး ကားလေးကွင်းသို့ လိမ့်ဆင်းလာသဖြင့် အဆောက်အဉီး ပျက်စီး

ဆက်လက်ပြီး ရေများကို အဝီစိတွင်းများမှ ထုတ်ယူရောင်းချနေကြသော်လည်း ငလျင်ကြောင့် အဝီစိတွင်း အများစုမှာ နုန်းများဖြင့် ပိတ်ဆို့နေသောကြောင့် ရေများကို အလုံအလောက် ပို့ဆောင်နိုင်ခြင်း မရှိတော့ကြောင်း ရေပို့ဆောင်သူ အမျိုးသားတစ််ဦးက ပြောသည်။

“ရေအော်ဒါမှာတာ တစ်နေ့ကို ရာချီရှိတယ်။ ဒါပေမဲ့ ရေယူနေတဲ့ အဝီစိတွင်း တွေက နုန်းတွေ ပိတ်နေတော့ ယူလို့ မရတော့ဘူး။ မှာသလောက် မပို့နိုင်တော့ဘူး။ မီးစက်နဲ့ မောင်းပြီး ရေတင်ရတော့ ဓာတ်ဆီလဲ ဝယ်ရ ပို့ရနဲ့ ဆိုတော့ အနီးဝေးပေါ်မူတည်ပြီး ဈေးပိုယူတဲ့ သဘောပါ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

လက်ရှိဖြစ်ပွားခဲ့သော ငလျင်ကြောင့် တောင်ကြီး အပါအဝင် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့တွင် လျှပ်စစ်မီး ပြတ်တောက်နေကြပြီး လျှပ်စစ်မီးပြန်ရရှိရန် ပြန်လည်လုပ်ဆောင်နေလျှက် ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသ ငလျင်ဘေးသင့်ပြည်သူများသည် အရေးပေါ် ရေသန့်နှင့် စားနပ်ရိက္ခာများ လိုအပ်လျှက်ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်သားများလည်း လိုအပ်နေကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...