ဒီးမော့ဆိုက စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ကလေးငယ်တစ်ဦး ဒဏ်ရာရ

ဒီးမော့ဆိုက စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ကလေးငယ်တစ်ဦး ဒဏ်ရာရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်နေရာကို စစ်ကောင်စီက ဒီကနေ့ မတ်လ ၂၁ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

“နှစ်ကြိမ်လာကြဲတယ်။ ပထမတစ်ကြိမ်က ဗုံး ၂ လုံးချတယ်။ ဒုတိယအကြိမ်မှာ စက်သေနတ်နဲ့လည်း ပစ်တယ်။ ကလေးတစ်ယောက် ပုခုံးမှာထိ‌တော့ ဆေးရုံပို့လိုက်ပြီ” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

စက်သေနတ်ပစ်ခတ်ရာမှာ ပွိုင့် 8 (.8) စက်သေနတ်ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက်မှာ ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ထပ်မံပစ်ခတ်မှုပြုလုပ်ခဲ့ရာ အထိခိုက်မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ စစ်ရှောင်စခန်းအနီးမှာ ကျောင်းဆင်းပွဲကျင်းပနေတယ်လို့လည်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆင်းပွဲကို ရပ်နားလိုက်ရပြီး ကလေးတွေနဲ့ စစ်ဘေးရှောင်တွေက ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။

ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် ဒီးမော့ဆိုမြို့နယ်အတွင်းကို လေယာဉ်နဲ့ ကင်းထောက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီ – ရှမ်း နယ်စပ် မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲအတွင်းဖြစ်စေ၊ တိုက်ပွဲဧရိယာမဟုတ်တဲ့ အရပ်သားရှိရာ နေအိမ်တွေကို မီးလောင်ဗုံး ပိုမိုအသုံးပြုတိုက်ခိုက်လာတဲ့အပြင် စစ်ဇုန်မဟုတ်တဲ့ အရပ်သားရှိရာ နေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်‌ဆောင်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း ဒီးမော့ဆို အနောက်ဖက်ခြမ်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...