မော်လမြိုင်မှာ National Database စနစ်နဲ့ ဖမ်းဆီးမှုတွေရှိလာ

မော်လမြိုင်မှာ National Database စနစ်နဲ့ ဖမ်းဆီးမှုတွေရှိလာ

ဓာတ်ပုံ - MOI

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မြို့ဝင်/မြို့ထွက်နေရာတွေမှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက မသင်္ကာတဲ့သူတွေကို National Database စနစ်နဲ့ စစ်ဆေးပြီး ဖမ်းဆီးမှု ပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

National Database စနစ်ဟာ e-ID စနစ်နဲ့ နိုင်ငံအတွင်း နေထိုင်သူတွေရဲ့ အချက်အလက်တွေကို ကောက်ယူထားပြီး စုစည်းထားတဲ့ နေရာတစ်ခုဖြစ်သလို လိုအပ်ပါက လူပုဂ္ဂိုလ် အချက်အလက်တွေကို ရှာဖွေနိုင်တဲ့စနစ်မျိုး ဖြစ်ပါတယ်။

National Database စနစ်နဲ့ မှတ်ပုံတင်အချက်အလက်ကို ကွန်ပျူတာ ဒါမှမဟုတ် Tablet ထဲ ရိုက်ထည့်လိုက်ပါက လူတစ်ဦးရဲ့ ကိုယ်ရေးအချက်အလက် PSMS (Person Scrutinization and Monitoring System) အားလုံး ကျရောက်လာပြီး ပြစ်မှုရှိ/မရှိကအစ စစ်ဆေးနိုင်တာပါ။

မော်လမြိုင်မြို့ မှာတော့ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က စက်မှုဇုန်ရပ်ကွက် အတ္ထရံတံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ လူငယ်တစ်ဦးကို National Database စနစ်နဲ့ စစ်ဆေးပြီး ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်ဟာ မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး မိခင်ဖြစ်သူ Non-CDM ဝန်ထမ်း ဆရာမကို ဘားအံမြို့မှာ သွားရောက်တွေ့ဆုံပြီးနောက် အပြန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရတဲ့ လူငယ်ဟာ မော်လမြိုင်မြို့မှာ ပြစ်မှုမရှိပေမယ့် မန္တလေးတိုင်း၊ မတ္ထီလာ မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်‌ရေး ဥပ‌ဒေပုဒ်မ ၅၀(ည) နဲ့ အမှုဖွင့်ခံထားရတာဆိုပြီး စက်မှုဇုန်နယ်မြေရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ National Database စနစ် တည်ဆောက်ရေး ဦးဆောင်ကော်မတီကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေ ၂၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ် ၁၉ ရက်နေ့မှာ ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့တာပါ။

National Database စနစ်ကို လုပ်ဆောင်ဖို့အတွက် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာတော့ ကိုယ်ရေးအချက်အလက်ကောက်ယူပြီး Database ထဲထည့်တာ၊ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူတာနဲ့ စိစစ်တာ၊ Unique ID (UID) နံပါတ် ထုတ်ပေးတာအပြင် အဆင့် ၅ ဆင့်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီဟာ မြို့ဝင်/မြို့ထွက်တွေမှာ National Database စနစ်အသုံးပြုပြီး CDM ဝန်ထမ်းတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ စစ်ပြေး၊ ရဲပြေးအပြင် ပြစ်မှုကျူးလွန်သူတွေကအစ ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ စစ်ကောင်စီ အသိုင်းအဝိုင်းထံကနေ စုံစမ်းသိရှိရပါတယ်။

Most read this week

ဓာတ်ပုံ - NUG
August 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား မဟာမိတ်များနှင့် စုဖွဲ့ထားသည့် ဖက်ဒရယ်...
ဓါတ်ပုံ - Asean (ပုံဟောင်း)
August 17, 2026
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ လက်ရှိ...
ဓါတ်ပုံ - (Crd - ပုံဟောင်း)
August 15, 2026
မွန်ပြည် လွှတ်တော်တွင် မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစု၏ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို...
August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...