အမျိုးသမီးများအား ပြည်သူ့စစ်သင်တန်းပေး

အမျိုးသမီးများအား ပြည်သူ့စစ်သင်တန်းပေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင်းရှိ မြို့နယ်အချို့တွင် အမျိုးသမီးများကို ပြည်သူ့စစ်သင်တန်း ပေးနေသည်ဟု ဒေသတွင်း စစ်ရေး လေ့လာစောင့်ကြည့်သူများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်မှ မြင်းခြံ၊ ဆော၊ တောင်သာ၊ နွားထိုးကြီး စသည့်မြို့နယ်များတွင် ယခု မတ်လအစောပိုင်းကတည်းက စတင်၍ စစ်သင်တန်းပေးနေခြင်းဖြစ်သည်။

ဆောမြို့နယ်တွင်းရှိ တက်ကြွလှုပ်ရှားသူတစ်ဦးက “ဆောမှာဆိုရင် အဓိက ဆီမီးဘက်မှာ  မိန်းကလေးတွေကို သင်တန်းပေးတယ်။ တော်တော်များများ ဝင်ကြတယ်။ သူတို့အင်အားက တစ်ရွာ ဆယ်ယောက်လောက်ဆိုရင်တော့ ၂၀၀ ဝန်းကျင်လောက်ရှိတယ်” ဟု ပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီယုမွန်ဆိုသူမှာ မကြာခင် အသက်ဝင်လာမည့် အမျိုးသမီး စစ်မှုထမ်းဥပဒေအား ကင်းလွတ်ခွင့်ရရန်အတွက် ၎င်းထံ၌ ပြည်သူ့စစ်သင်တန်းရမည်ဟုဆိုကာ ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်သည်။

ယခင် စစ်မှုထမ်းဥပဒေ ထုတ်ပြန်သည့်ကာလများက ဒေါ်သီယုမွန်၏ ပြည်သူ့စစ်အင်အားမှာ ၇၀၀ ခန့်သာရှိသော်လည်း လက်ရှိတွင် ၎င်း၏ စည်းရုံးမှုကြောင့် အမျိုးသားနှင့် အမျိုးသမီးပေါင်း တစ်ထောင်ကျော်ခန့် ရှိနေပြီဟု စောင့်ကြည့်နေသူများက ဆိုသည်။

ဒေသတွင်း စစ်မှုထမ်းအကြုံးဝင်သူ အမျိုးသမီးတစ်ဦးက “သူတို့က ခံစားခွင့်တွေပေးတယ်လေ။ တချို့ နိုင်ငံရေး နားမလည်တဲ့သူတွေကျတော့ ဒီကာလ အလုပ်တခုရတာ နည်းသလားပေါ့။ စစ်တပ်က စပွန်ဆာပေးနေတာ။ သူတို့ဖာသာ လိုင်းပေါ်မှာ အလှူခံတာတွေလည်းရှိတယ်” ဟု ပြောသည်။

ဒေါ်သီတာယုမွန်အား နိုဝင်ဘာလ၌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်က လက်နက်ထပ်ဆောင်း တပ်ဆင်ပေးခဲ့ရာ လက်ရှိတွင် ခေတ်မီ လက်နက်ခဲယမ်းများနှင့် ဂျန်မာများ အသုံးပြုနိုင်နေပြီဟု နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

လက်ရှိ ၎င်း၏တပ်၌ တပ်သားတစ်ဦးလျှင် နိုင်ငံတော် ဝန်ထမ်းလစာ ခံစားခွင့်နှင့် ထောက်ပံ့ပစ္စည်းများ ရရှိသည့်အပြင် တပ်သားတစ်ဦးစီ၏ မိသားစုဝင်များကိုလည်း ထောက်ပံ့မှုရှိသည်ဟု ဆိုသည်။

မြင်းခြံ ပြည်သူ့စစ်တပ်ဖွဲ့မှာ မြင်းခြံမြို့မှ အရှေ့ တစ်မိုင်ပတ်လည်ခန့်သာ နယ်မြေစိုးမိုးထားနိုင်ပြီး နွားထိုးကြီးဘက်သို့ ထွက်လမ်းမရှိသည့်အပြင် တောင်သာဘက်သို့လည်း ရှေ့ဆက်တိုး၍မရတော့သဖြင့် စစ်ရေးအရ ငြိမ်သက်နေကြရသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...