ဧရာဝတီတွင် အမျိုးသမီးများအပါအဝင် ရခိုင်မှ စစ်ဘေးရှောင် ၂၀ ဦး AA သံသယဖြင့် ဖမ်းဆီးခံရ

ဧရာဝတီတွင် အမျိုးသမီးများအပါအဝင် ရခိုင်မှ စစ်ဘေးရှောင် ၂၀ ဦး AA သံသယဖြင့် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် အမျိုးသမီးများအပါအဝင် ရခိုင်မှစစ်ဘေးရှောင် ၂၀ ဦးကို စစ်ကောင်စီတပ်က အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးသွားသည်ဟု ရေကြည်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် စစ်ဘေးရှောင်များမှာ ရခိုင်ပြည်၊ ဂွ၊ သံတွဲနှင့် အမ်းမြို့နယ်တို့မှ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေကြသူများဖြစ်ပြီး ယင်းအထဲတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီးလေးဦးတို့ပါဝင်သည်ဟု သိရသည်။

သူတို့ကို ပြီးခဲ့သည့် မတ်လ ၉ ရက်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲများက ဧရာဝတီတိုင်းရှိ သာပေါင်းမြို့နှင့် ရေကြည်မြို့ကို ဆက်သွယ်ထားသည့် ရေကြည်မြို့နယ်ရှိ ဘုရားကြီး-သာပေါင်းလမ်းမအနီးရှိ သူတို့စစ်ဘေးရှောင်နေသည့်ကျေးရွာသို့ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

"သူတို့က AA နဲ့ ဆက်စပ်ပြီး သတင်းပေးတွေဆိုပြီးတော့ သူတို့စစ်ရှောင်တဲ့နေရာအထိ စစ်ကောင်စီတပ်က စစ်သားတွေက လာဖမ်းကြတာ။ အယောက်နှစ်ဆယ်ပါသွားတယ်။ အမျိုးသမီးတွေလည်းပါတယ်" ဟု ရေကြည်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူများကို ရေကြည်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟုလည်း သိရသည်။

blob Photo - Facebook ဖမ်းဆီးခံရသည့် စစ်ဘေးရှောင်များသည် ရခိုင်မှတိုက်ပွဲများကြောင့် ဘုရားကြီး-သာပေါင်းလမ်းမအနီးရှိ မရမ်းချိုနှင့် ဘုရားကြီးစသည့်ကျေးရွာတို့တွင် စစ်ဘေးရှောင်လျက်နေထိုင်ကြသူများဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်ကလည်း ဂွ-ငါးသိုင်းချောင်းအနီးတွင် အခြေစိုက်ထားသည့် အမြောက်တပ် (၃၄၄)မှ စစ်ကောင်စီတပ်သားများက AA နှင့် ဆက်စပ်သံသယဖြင့် ရေကြည်မြို့နယ်ရှိ မြောက်စမ်းရွာတွင် စစ်ဘေးရှောင်နေကြသည့် ဂွနှင့် အမ်းမြို့နယ်တို့မှ အမျိုးသမီး သုံးဦးနှင့် အမျိုးသား ခြောက်ဦးကို ဖမ်းဆီးသွားခဲ့သည်။

ယင်းအပြင် ဧရာဝတီတိုင်း၊ ကျုံးပျော်နှင့် ရေကြည်မြို့နယ်တို့တွင် စစ်ဘေးရှောင်နေကြသည့် ရခိုင်မှဒေသခံပြည်သူ ၅၀ ကျော်ခန့်ကိုလည်း စစ်ကောင်စီက ဇန်နဝါရီလအတွင်းက ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းတွင် ရခိုင်မှတိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြသည့် ဂွ၊ သံတွဲနှင့် အမ်းမြို့နယ်တို့မှ ဒေသခံစစ်ဘေးရှောင် ၁၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရကြောင်း ရခိုင်စစ်ဘေးရှောင်များက ခန့်မှန်းပြောဆိုကြသည်။

Most read this week

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...