ဧရာဝတီတွင် အမျိုးသမီးများအပါအဝင် ရခိုင်မှ စစ်ဘေးရှောင် ၂၀ ဦး AA သံသယဖြင့် ဖမ်းဆီးခံရ

ဧရာဝတီတွင် အမျိုးသမီးများအပါအဝင် ရခိုင်မှ စစ်ဘေးရှောင် ၂၀ ဦး AA သံသယဖြင့် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် အမျိုးသမီးများအပါအဝင် ရခိုင်မှစစ်ဘေးရှောင် ၂၀ ဦးကို စစ်ကောင်စီတပ်က အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးသွားသည်ဟု ရေကြည်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် စစ်ဘေးရှောင်များမှာ ရခိုင်ပြည်၊ ဂွ၊ သံတွဲနှင့် အမ်းမြို့နယ်တို့မှ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေကြသူများဖြစ်ပြီး ယင်းအထဲတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီးလေးဦးတို့ပါဝင်သည်ဟု သိရသည်။

သူတို့ကို ပြီးခဲ့သည့် မတ်လ ၉ ရက်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲများက ဧရာဝတီတိုင်းရှိ သာပေါင်းမြို့နှင့် ရေကြည်မြို့ကို ဆက်သွယ်ထားသည့် ရေကြည်မြို့နယ်ရှိ ဘုရားကြီး-သာပေါင်းလမ်းမအနီးရှိ သူတို့စစ်ဘေးရှောင်နေသည့်ကျေးရွာသို့ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

"သူတို့က AA နဲ့ ဆက်စပ်ပြီး သတင်းပေးတွေဆိုပြီးတော့ သူတို့စစ်ရှောင်တဲ့နေရာအထိ စစ်ကောင်စီတပ်က စစ်သားတွေက လာဖမ်းကြတာ။ အယောက်နှစ်ဆယ်ပါသွားတယ်။ အမျိုးသမီးတွေလည်းပါတယ်" ဟု ရေကြည်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူများကို ရေကြည်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟုလည်း သိရသည်။

blob Photo - Facebook ဖမ်းဆီးခံရသည့် စစ်ဘေးရှောင်များသည် ရခိုင်မှတိုက်ပွဲများကြောင့် ဘုရားကြီး-သာပေါင်းလမ်းမအနီးရှိ မရမ်းချိုနှင့် ဘုရားကြီးစသည့်ကျေးရွာတို့တွင် စစ်ဘေးရှောင်လျက်နေထိုင်ကြသူများဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်ကလည်း ဂွ-ငါးသိုင်းချောင်းအနီးတွင် အခြေစိုက်ထားသည့် အမြောက်တပ် (၃၄၄)မှ စစ်ကောင်စီတပ်သားများက AA နှင့် ဆက်စပ်သံသယဖြင့် ရေကြည်မြို့နယ်ရှိ မြောက်စမ်းရွာတွင် စစ်ဘေးရှောင်နေကြသည့် ဂွနှင့် အမ်းမြို့နယ်တို့မှ အမျိုးသမီး သုံးဦးနှင့် အမျိုးသား ခြောက်ဦးကို ဖမ်းဆီးသွားခဲ့သည်။

ယင်းအပြင် ဧရာဝတီတိုင်း၊ ကျုံးပျော်နှင့် ရေကြည်မြို့နယ်တို့တွင် စစ်ဘေးရှောင်နေကြသည့် ရခိုင်မှဒေသခံပြည်သူ ၅၀ ကျော်ခန့်ကိုလည်း စစ်ကောင်စီက ဇန်နဝါရီလအတွင်းက ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းတွင် ရခိုင်မှတိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြသည့် ဂွ၊ သံတွဲနှင့် အမ်းမြို့နယ်တို့မှ ဒေသခံစစ်ဘေးရှောင် ၁၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရကြောင်း ရခိုင်စစ်ဘေးရှောင်များက ခန့်မှန်းပြောဆိုကြသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...