စစ်ကောင်စီတပ်က သတ်ထားသော ပြည်သူ ၁၁ ဦး၏ မီးလောင်ထားသော အလောင်းများတွေ့

စစ်ကောင်စီတပ်က သတ်ထားသော ပြည်သူ ၁၁ ဦး၏ မီးလောင်ထားသော အလောင်းများတွေ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားခဲ့သော ပြည်သူ ၁၁ ဦး၏ မီးလောင်ထားသော အလောင်းများကို တွေ့ရှိခဲ့ရသည်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ မြေစွန်းတော်ကျေးရွာထဲ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံပြည်သူများကို သတ်ဖြတ်သွား ခဲ့ခြင်း ဖြစ်သည်ဟု Yesagyo Township Info Committee အဖွဲ့က မတ်လ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့တွင် ဓါတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်သည်။

မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက “အခု နောက်ဆုံး ရတဲ့ အချက်အလက်အရဆိုရင် သတ်ဖြတ်သွားတာ ၁၁ ဦးထိရှိလာပြီပေါ့နော်။ မြေစွန်းတော် လူသတ်မှုက တကယ်တော့ အားလုံးဟာ အပြစ်မဲ့ပြည်သူတွေပါဗျာ သက်ကြီးရွယ်အိုတွေပါ။ အတော်လေးကို ယုတ်မာရက်စက်တဲ့ လုပ်ရပ်ပါ။ ကျနော်တို့ ရေစကြိုအဖွဲ့က ထုတ်ပြန်ထားတာလည်း တွေ့ကြမှာပါ။ အခုတွေ့တာ ရုပ်အလောင်းနဲ့ အတည်ပြုနိုင်တဲ့သူတွေရဲ့စာရင်းပါ။ နောက်ထပ် ဖမ်းဆီးသတ်ဖြတ်ခံရတာလည်း ရှိနိုင်ပါသေးတယ်” ဟု ပြောသည်။

ပခုက္ကူအခြေစိုက် အမှတ် - ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်နှင့် ရေစကြိုမြို့နယ်က ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြေစွန်းတော်ကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မြေစွန်းတော်ကျေးရွာထဲသို့ မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်ဆက်တိုက် စစ်ကြောင်းထိုးလာခဲ့ပြီး ဒေသခံများကို ရက်ရက်စက်စက် သတ်ဖြတ်သွားသည့်အပြင် ရွာလုံး ကျွတ် နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု Yesagyo Township Info Committee အဖွဲ့က ထုတ်ပြန်ထား သည်။

မတ်လ ၅ ရက်နေ့က ဒေသခံများ ရွာတွင်းပြန်လည်ဝင်ရောက်ချိန် မြေစွန်းတော်ကျေးရွာက ရွာသား ၅ ဦး၏ ရုပ်အလောင်းတို့ကို ကနဦး တွေ့ရှိခဲ့ပြီး နောက်ထပ် ရုပ်အလောင်း ခြောက်လောင်းကို ထပ်မံတွေ့ရှိခဲ့ရာ မတ်လ ၁၀ ရက်နေ့အထိ သေဆုံးသူ ၁၁ ဦး၏အလောင်းကို တွေ့ရှိထားပြီဟု ဆိုသည်။

စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာစဉ် လွတ်အောင် ထွက်မပြေးနိုင်ကြသော သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံပြည်သူများ အသတ်ခံလိုက်ရခြင်းဖြစ်သည်။

ရေစကြိုဒေသခံတစ်ဦးက “ဝင်လာကတည်းက လက်နက်ကြီးနဲ့ ပစ်၊ သေနတ်နဲ့ပစ်ပြီး ဝင်လာတာ။ ကျနော်တို့ အခုတွေ့ရတဲ့အလောင်းတွေက အသက်ကြီးပိုင်းတွေပါ။ Yesagyo Township Info Committee မှာလည်း အသေးစိတ် နာမည်တွေ၊ အသက်တွေက အစ ထုတ်ပြန်ထားပါတယ်။ မီးရှို့အသတ်ခံရတဲ့သူတွေလည်း ပါတယ်။ ပစ်သတ်ထားခဲ့တာတွေလည်း ပါတယ်။ အိမ်တွေလည်း မီးရှို့သွားတယ်၊ ပစ္စည်းတွေလည်း တန်ဖိုးရှိတာတွေ အကုန်ယူသွားတာဗျ” ဟု ပြောသည်။

ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် အကြိမ်ကြိမ် စစ်ကြောင်းထိုးခံရသည့် ဒေသဖြစ်ပြီး ဒေသခံရွာသားများမှာလည်း မကြာခဏ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

သတ်ဖြတ်ထားခဲ့သည့် အမျိုးသမီး ၂ ဦးအပါအဝင် ပြည်သူ ၁၁ ဦးအနက် မြေစွန်းတော်ကျေးရွာမှ ၉ ဦးနှင့် မာလကာခြံကျေးရွာမှ ၂ ဦး ပါဝင်သည်။ အသက် ၆၀ အထက် ၈ ဦးနှင့် အသက် အသက် ၆၀ အောက် ၃ ဦး အသတ်ခံလိုက်ခြင်း ဖြစ်သည်။

မြေစွန်းတော်ကျေးရွာ အပါအဝင် ဇရပ်နီနှင့် သာဂေါင်ကျေးရွာတို့မှာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရပြီး နေအိမ်အလုံးရေ ၆၀၀ နီးပါးခန့် ပျက်စီးသွားသည့်အပြင် ဒေသခံတစ်သောင်းကျော်ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...