ဂွမြို့နယ်ကို စစ်ကောင်စီလေတပ် ဗုံးကြဲ၍ တစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန် ဒဏ်ရာရ

ဂွမြို့နယ်ကို စစ်ကောင်စီလေတပ် ဗုံးကြဲ၍ တစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန် ဒဏ်ရာရ

ရခိုင်ပြည်၊ ဂွမြို့နယ်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲမှုကြောင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

သေဆုံးသွားသည့် သက်ကြီးပိုင်းအမျိုးသားမှာ ဂွမြို့နယ်၊ ဘဝင်ကျေးရွာမှ အသက် (၆၀) အရွယ် ဦးထွန်းအောင်သိန်းဖြစ်သည်။

ပြင်းထန်ဒဏ်ရာရရှိသွားသူများမှာ သူ၏ သားဖြစ်သူ မောင်ဖြိုးဝေစိုး (၁၂) နှစ်နှင့် သမီးဖြစ်သူ မမေသဇင် (၂၆) နှစ်တို့ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ ၉ ရက်၊ ညဉ့် ၁ နာရီကျော်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဘဝင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဦးထွန်းအောင်သိန်း၏ နေအိမ်အနီး ကျရေပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဂွမြို့နယ်မှ မြေပြင်တွင်စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

"ညဉ့်အချိန်ပဲရှိသေးတယ်။ လေယာဉ်အသံကြားပြီးတာနဲ့ ဗုံးကျသံအကျယ်ကြီးကြားရတယ်။ ဗုံးတစ်လုံးချခဲ့တာ။ ဦးထွန်းအောင်သိန်းက ပွဲချင်းပြီး သေဆုံးသွားတယ်။ သမီးနဲ့ သားဖြစ်သူတို့ကတော့ ပြင်းထန် ဒဏ်ရာရသွားခဲ့တယ်" ဟု ပြောသည်။

အဆိုပါဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဦးထွန်းအောင်သိန်းသည် ကျည်စထိမှန်ကာ ပွဲချင်းပြီး ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သမီးဖြစ်သူ မမေသဇင်တွင်လည်း ဘယ်ဘက်မျက်လုံးနှင့် သားဖြစ်သူ မောင်ဖြိုးဝေစိုးတွင်လည်း ခန္ဓာကိုယ်အနှံ့ ကျည်စထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

လက်ရှိတွင် မောင်ဖြိုးဝေစိုးနှင့် မမေသဇင်တို့မှာ ဒဏ်ရာပြင်းထန်၍ အရေးပေါ်ဆေးကုသမူခံယူနေရသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သေဆုံးပြီး အမျိုးသားသုံးဦး ဒဏ်ရာရရှိသွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၈ ရက်ကလည်း ကျိန္တလီမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ အမျိုးသားတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...