အမ်းက စစ်ဘေးရှောင်အချို့ ဆန်ပြုတ်စားနေရ

အမ်းက စစ်ဘေးရှောင်အချို့ ဆန်ပြုတ်စားနေရ
ရခိုင်ပြည်၊ အမ်းမြို့နယ်မှ အကူအညီလိုအပ်နေသည့် စစ်ဘေးဒုက္ခသည်များ။ ဓာတ်ပုံ- HDCO
ရခိုင်ပြည်၊ အမ်းမြို့နယ်မှ အကူအညီလိုအပ်နေသည့် စစ်ဘေးဒုက္ခသည်များ။ ဓာတ်ပုံ- HDCO

ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှု၊ အကူအညီအထောက်အပံ့ မရမှုတို့ကြောင့် ဆန်ပြုတ်စားနေရကြောင်း သိရသည်။

အမ်းမြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်၊ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်များကြောင့် နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်သည်။

စစ်ဘေးရှောင် ရက်တာရှည်လာသည်နှင့် အလုပ်အကိုင်ရှားပါးမှု ကုန်ဈေးနှုန်းမြင့်မားမှုဒဏ်ကို ဆိုးဝါးစွာခံနေရပြီး နိုင်ငံတကာနှင့် အခြား အရပ်ဘက်အဖွဲ့အစည်းများထံမှလည်း အကူအညီအထောက်အပံ့ မရှိသဖြင့် စစ်ဘေးရှောင်အချို့မှာ ဆန်ပြုတ်စားနေရခြင်း ဖြစ်သည်။

"စစ်ဘေးရှောင်တွေထဲက လက်လုပ်လက်စားဘဝနဲ့ အလုပ်လိုက်မမီတဲ့သူတွေက ဆန်ပြုတ်စားနေရတဲ့ အနေအထားမှာ ရှိပါတယ်" ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

ရွာသာယာ၊ မီးလောင်ချောင်း၊ အောက်ရွာ၊ ဆင်တိုး၊ ကျားမောက်၊ ဒိုင်းကြီး၊ ကျင်းကုန်း စသည့် ကျေးရွာများက စစ်ဘေးရှောင်များသည် မြို့အနီးပတ်ဝန်းကျင်မှ လုံခြုံမည့်နေရာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းနှင့် အခြားနေရာများတွင် ထောင်နှင့်ချီ နေထိုင်ကြခြင်းဖြစ်သည်။

ထို့အတူ အမ်းချောင်းဖျား ကျေးရွာများ၊ ကွင်းချောင်းနှင့် ဒါးလက်ချောင်းကြောင်း တစ်လျှောက်တွင်လည်း နေထိုင်လျက်ရှိကြသည်။

လက်ရှိ စစ်ဘေးရှောင်များ နေထိုင်လျက်ရှိရာ နေရာများမှာ ဝေလံခေါင်ဖျားပြီး လမ်းခရီးခက်ခဲသဖြင့် အခြေခံကုန်ဈေးနှုန်းများမှာလည်း မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။

"ဆန်တစ်အိတ်ဝယ်လို့ ၇ သောင်းကျပ်ကျရင် သယ်ယူစရိတ်တွေနဲ့ အနည်းဆုံး တစ်သိန်းခွဲလောက် ဖြစ်သွားတယ်။ ဒါကြောင့် အလုပ်အကိုင် အကူအညီ အထောက်အပံ့မရှိတဲ့ စစ်ဘေးရှောင်တွေမှာ ပိုပြီးတော့ အခက်အခဲ ရောက်နေကြတယ်" ဟု အမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း စစ်ဘေးရှောင်များမှာ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများလည်း လိုအပ်ချက်များရှိနေကြောင်း သိရသည်။

ယင်းအထဲတွင် အမ်းမြို့နယ်မှ စစ်ဘေးရှောင် ၂,၀၀၀ ကျော်မှာလည်း လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီရရှိမှု နည်းပါးသဖြင့် ကျန်းမာရေးအပြင် စားဝတ်နေရေးအကျပ်အတည်းများ ရှိနေသည်။

"ကျန်းမာရေးချို့တဲ့ချက်တွေနဲ့ထပ်တူ စားဝတ်နေရေးမှာလည်း အခက်အခဲတွေအများကြီး ရှိပါတယ်။ အလှူရှင်တွေက မရောက်နိုင်တဲ့အခါကျတော့ ကြုံသလို ဖြေရှင်းနေကြရတာရှိတယ်။ ပြီးရင် တချို့ဆိုရင် တောတောင်တွေထဲမှာ ယာယီတဲထိုးပြီး ခက်ခက်ခဲခဲ ဖြတ်သန်းနေကြတာတွေ အများကြီး မြင်တွေ့ရတယ်" ဟု အမ်းမြို့နယ်က လေးဝတီမျိုးချစ်လူငယ်ပရဟိတအသင်း တာဝန်ခံ ကိုနိုင်နိုင်ဇော်က ပြောသည်။

အာရက္ခတပ်တော် AA သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် အမ်းမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များမှာ နေရပ်ပြန်နိုင်ရေးကို လိုလားနေကြသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...