ချောင်းဦးတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု ဒု-ဗိုလ် အပါဝင် ၁၇ ဦး သေ၊ လက်နက်များရ

ချောင်းဦးတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု ဒု-ဗိုလ် အပါဝင် ၁၇ ဦး သေ၊ လက်နက်များရ

ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ ၏ သံပြားကာ ကားနှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်မှုအပြီး သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ သံပြားကာ ကားနှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိငယ် ဒု-ဗိုလ်တဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးပြီး သေနတ် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Chaung U People Defense Force က မဇ္ဈိမကို ပြောသည်။

မုံရွာမြို့မှ မြင်းမူမြို့သို့ ထွက်ခွာလာသည့် အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ချောင်းဦး-မြင်းမူ လမ်းပိုင်းတနေရာတွင် မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်က တော်လှန်ရေးတပ်ဖွဲ့များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦး PDF မှ တာဝန်ရှိသူတဦးက ပြောသည်။

“သံပြားကားတွေကို လက်နက်ကြီးနဲ့ ထုပြီးတော့ အဲ့ကားတွေ ရပ်တန့်သွားတဲ့အချိန်မှာ ၀ိုင်းတိုက်ခိုက်ခဲ့တာပါ” ဟု တိုက်ခိုက်ခဲ့ပုံနှင့်ပတ်သက်ပြီး ချောင်းဦး PDF တာဝန်ရှိသူတဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်မှလည်း တိုက်ပွဲဖြစ်ပွားရာနေရာသို့ ချောင်းဦးမြို့ပေါ်မှ လက်နက်ကြီးများဖြင့် အကြိမ်ရေ ၁၀၀ ကျော် ပစ်ခတ်ခြင်း၊ စက်တပ်လေထီးများဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့ပေါ် စစ်ကောင်စီ အထိုင်စခန်းဖြစ်သော စိုက်ကွင်းရုံးနှင့် မြပုလဲ အထိုင်စခန်းတို့မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၁၀၆ ကြိမ် ပစ်ကူပေးခဲ့ကာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ အင်ဂျင်တပ်လေထီးဖြင့် နှစ်ကြိမ် လေကြောင်းပစ်ကူပေးခဲ့ကြောင်း သိရသည်။

ချောင်းဦး PDF ၏ မတ်လ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ယခုတိုက်ပွဲအတွင်းမှ MA 1 သေနတ် ၄ လက်၊ MA 3 တစ်လက်၊ MA 11 ၃ လက်၊ G 3 တလက်၊ G 1 တစ်လက်၊ 60 mm စိန်ပြောင်း တစ်လက်၊ Lala တစ်လက်၊ ကျည်ဘောက်မျိုးစုံ ၂၂ ဘောက် သိမ်းဆည်းရရှိခဲ့ပြီး သံပြားကာ ကားနှစ်စီးမှာလည်း မောင်းနှင်မရသဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြောထားသည်။

ယခုတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် ပူးတွဲတာဝန်ထမ်းဆောင်လျှက်ရှိသော ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ B21 တပ်ရင်း၊ ရတနာပုံ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်)၊ Three Brothers Force (ကနီ)၊ Special Force 11 ၊ Immortal Guerrilla Force ၊ Sagaing District Drone Team (SDDT) တို့ ပူးပါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...