အသုဘအခမ်းအနား ကျင်းပနိုင်ရေး ရွာအုပ်ချုပ်ရေးကို ငွေသိန်းချီ ပေးနေရ

အသုဘအခမ်းအနား ကျင်းပနိုင်ရေး ရွာအုပ်ချုပ်ရေးကို ငွေသိန်းချီ ပေးနေရ

ကော့သောင်းမြို့နယ် ကျေးရွာတစ်ရွာတွင် အသုဘအခမ်းအနား ကျင်းပရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ကို သိန်းနှင့်ချီ ပေးနေရသည်ဟု ရွာသားများက ပြောသည်။

ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာတွင် အသုဘအခမ်းအနား ကျင်းပခွင့်ရရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ကို ငွေကျပ် ငါးသိန်းနှင့်အထက် ပေးဆောင်နေကြရသည်ဟု ရွာသားများက ပြောသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းမှစတင်၍ ကောက်ခံနေခြင်းဖြစ်ပြီး ငွေကြေးပမာဏကို တရားဝင် သတ်မှတ်ကြေညာခြင်းမျိုးမဟုတ်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၏ နှုတ်မိန့်ဖြင့်သာ ကောက်ခံနေခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “ပိုက်ဆံက အုပ်ချုပ်ရေးအဖွဲ့က အသုဘအိမ်မှာ လာကောက်တာမျိုးတော့ မရှိဘူး၊ ရာအိမ်မှူးအိမ်တွေနဲ့ အုပ်ချုပ်ရေးမှူးအိမ်မှာ သွားပေးရတယ်” ဟု ပြောသည်။

ပင်လယ်ပြင်တွင်သေဆုံးပြီး နေအိမ်သို့ ပြန်သယ်ယူမည့်သူကို ထိုင်းငွေ ဘတ်နှစ်သောင်း၊ ဆေးရုံတွင်သေဆုံးပြီး ပြန်လည်သယ်ယူမည့်သူအား ဘတ်ငါးသောင်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ကောက်ခံနေသည်ဟုရွာသားတစ်ဦးက ဆိုသည်။

ထို့အပြင် နေအိမ်တွင် သေဆုံးခဲ့သူဆိုပါက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ကျပ်ငါးသိန်းနှင့် ဆယ်သိန်းကြား ပေးဆောင်နေရသည်ဟု ဆိုကြသည်။

ယခင်က သုံးသိန်းကျပ်ခန့် ပေးဆောင်ခဲ့ရပေမယ့် နောက်ပိုင်းတွင် ငွေကြေးတိုးမြှင့်သတ်မှတ်ပြီး ကောက်ခံလာခြင်းဖြစ်ကြောင်း ဆိုသည်။

ငွေကြေးနောက်ခံ မရှိသည့်သူများအဖို့ ကူငွေဖလားထဲမှ ရရှိသည့်ငွေများကို အုပ်ချုပ်ရေးအဖွဲ့ထံသို့ ပေးနေရသည်ဟု ဆိုသည်။

ကောက်ခံသည့်ငွေကြေး မပေးနိုင်ပါက အသုဘကျင်းပခွင့်မရဘဲ ချက်ချင်း မီးသင်္ဂြိုလ်ရမည်ကိုစိုးရိမ်ကာ ပေးဆောင်နေရခြင်းဖြစ်သည်။

သို့သော် လက်ရှိအချိန်ထိ ငွေမပေးနိုင်ခြင်းကြောင့် ချက်ချင်း မီးသင်္ဂြိုလ်လိုက်ရသည့် အသုဘအခမ်းအနား မရှိသေးကြောင်း ရွာသားများက ပြောသည်။

ကော့သောင်းမြို့နယ်ထဲရှိ အခြားကျေးရွာများတွင် အသုဘအခမ်းအနား ကျင်းပရန်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ ငွေကျပ် သောင်းဂဏန်းမျှ (သဒ္ဒါကြေး) ကိုသာ လက်ဖက်ရည်ဖိုးအနေဖြင့် ပေးကြရသည်။

ပုလုံးတုံတုံးကျေးရွာတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ခြေ ၇၁၈ ခန့်နှင့် အိမ်ထောင်စု ၇၉၁ စုရှိနေပြီး အထက်တန်းကျာင်းခွဲ၊ ကျန်းမာရေးဌာနခွဲ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ရှိနေပြီး ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ရွာကြီးတစ်ရွာလည်း ဖြစ်သည်။

KNU (ပုံဟောင်း)
March 19, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကော်မရှင်၏...
March 18, 2026
စစ်ကိုင်းတိုင်း၊ ကျွန်းလှနှင့် ကောလင်းမြို့နယ် အစပ်ရှိ ရွှေဖောင်များကို စစ်ကော်မရှင်က...
March 17, 2026
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့...
March 16, 2026
ညောင်လေးပင်တွင် ပြည်သူ ၃၀၀ ကျော် လူသားဒိုင်းအဖြစ် အသုံးချခံရပြီးနောက် စစ်ရာဇဝတ်မှုများကို...