ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများတွင် ရပ်ထားသည့် ရက် ၉၀ အကူညီ ယာယီပြန်ရ

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများတွင် ရပ်ထားသည့် ရက် ၉၀ အကူညီ ယာယီပြန်ရ

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်း ၈ ခုတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့၌ ရပ်ဆိုင်းသွားခဲ့သည့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) မှ ပေးနေသည့်အကူညီများ ပြန်လည်ရရှိနေပြီး ၃ လ ထက်ကျော်လွန်ပါက ဆက်လက်ရမည်၊ မရမည်မှာ မသေချာသေးကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

“ခု စခန်းထဲမှာ အကုန်လုံး ပြန်ဝင်ပြီး အလုပ်ပြန်လုပ်နေပြီပေါ့နော်။ အရင်က လုပ်ငန်းစဉ်အတိုင်းပေါ့။ ဒါပေမယ့် ၃ လပဲပေါ့နော်။ ဒီ ၃ လပြီးရင်တော့ မသေချာဘူး။ သူတို့ချပေးထားတဲ့ ဘက်ဂျက်ကြောင့်လား ဘာကြောင့်လဲတော့ မသိဘူးပေါ့နော်။ ကျွန်တော် ကျန်တဲ့ စခန်းတာဝန်ခံတွေအားလုံးကိုလည်း မေးပြီးပြီ လောလောဆယ် အကုန်တော့ ပြန်ရနေပြီ” ဟု ကရင်ဒုက္ခသည်ကော်မတီ အတွင်းရေးမှူးက ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစတင်ကာ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) မှ ပေးနေသည့် ကျန်းမာရေး၊ စည်ပင်နှင့် ရေသန့် စသည့် ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ပတ်နေပြီး အုန်းဖြန်ဒုက္ခသည်စခန်းတွင် ၂၁ ရက်နေ့တွင် ပြန်လည်ပတ်မည်ဟု အကြောင်းကြားခဲ့သော်လည်း ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ လည်ပတ်နေကြောင်းနှင့် အခြား ဒုက္ခသည်စခန်းများတွင်လည်း အလားတူ ကျန်းမာရေးဝန်ဆောင်မှုများနှင့် အခြားဝန်ဆောင်မှုများ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

ယခု ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစတင်ကာ ရက်၉၀ (၃ လ) အတွက် IRC မှ ပေးနေသည့် အကူညီများကို မူလအတိုင်း ပြန်လည်ရရှိမည်ဖြစ်သော်လည်း ယင်းနောက်ပိုင်းကိစ္စရပ်များမှာ မသေချာကြောင်း ဆိုသည်။

“ဒီကြားထဲမှာတော့ ကိုယ်ထူကိုယ်ထပဲပေါ့နော်။ ဒီ ၂၁ ရက်နေ့မရောက်ခင် ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဌာနနဲ့ နားလည်မှုတွေယူပြီး လုပ်ကြတယ်ပေါ့နော်။ ဒါပေမယ့် ရောဂါကြီး အနာကြီးတွေ၊ အောက်ဆီဂျင်တွေဘာတွေသုံးရမယ့် လူမမာတွေ၊ ကိုယ်ဝန်သည်တွေတော့ တော်တော်လေး ခက်ခဲခဲ့တယ်။ လောလောဆယ်တော့ မူလနှုန်းထားအတိုင်း ပြန်ရောက်ပြီလို့ ပြောလို့ရတယ်ပေါ့နော်” ဟု ကရင်ဒုက္ခသည်ကော်မတီ အတွင်းရေးမှူးက ပြောသည်။

ယင်းမတိုင်ခင် အမေရိကန်အစိုးရ၏ အကူညီများ ရုတ်တရက် ရပ်တန့်သဖြင့် (IRC) မှတဆင့် အမေရိကန်ပြည်ထောင်စုက ငွေကြေးထောက်ပံ့သည့် ဆေးရုံမှ အိမ်သို့ပြန်ပို့ခံရသည့် ကရင်ဒုက္ခသည် ဒေါ်ဖိခလို့ (အသက် ၇၁ နှစ်) သည် ဆေးရုံဆင်းပြီး ၄ ရက်အကြာ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အဆုတ်ရောဂါဖြင့် သေဆုံးခဲ့ရသည်။

ထိုင်း-မြန်မာ နယ်စပ် ကရင်နီဒုက္ခသည်စခန်း (၁) နှင့် (၂) စခန်းတာဝန်ခံကလည်း “စခန်းမှာ ဆေးခန်းကတော့ ပြန်ပြလို့ရပြီ။ ဒါပေမယ့် အရေးပေါ် ရောဂါကြီးကြီးမားမားဆို မြို့ထဲက ဆေးရုံသွားရင် ကိုယ့်ဘာသာ အကုန်ခံရတယ်ပေါ့နော်။ မြို့ထဲကကျတော့ ပိုက်ဆံပေးရတယ်။ စခန်းမှာက မွေးမြူရေးနဲ့ ယက်ကန်းတို့ဘာတို့ အနည်းကျဉ်းပဲလုပ်တယ်၊ အဲ့ဒါတွေကလည်း ဈေးကွက်မရှိတာက ဒုက္ခတခုပဲ” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) နှင့် (၂) တို့တွင် ဒုက္ခသည် ၁၃,၀၀၀ ကျော်ရှိပြီး ကရင်ဒုက္ခသည်စခန်းများဖြစ်သည့် မယ်လ၊ နို့ဖိုး၊ ဘန်တောင်ယန်၊ ထမ်းဟင်၊ ဘန့်တုံယမ်း၊ ဘဲကလော် တို့တွင် ဒုက္ခသည် ၆၀,၀၀၀ ကျော်ရှိရာ လက်ရှိတွင် ဒုက္ခသည် ၇၃,၀၀၀ ခန့်ရှိကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာတဝန်းရှိ နိုင်ငံခြားအကူအညီ အားလုံးနီးပါးကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည်လည်း ကမ္ဘာတဝန်းရှိ အစီအစဉ်များအတွက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) သို့ စီးဆင်းသည့် အမေရိကန် နိုင်ငံခြားရေးဌာန မှ ရန်ပုံငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ရပ်ဆိုင်းထားရန် အစီအစဉ်အကျဉ်းချုပ်ကို ဇန်နဝါရီ ၂၄ တွင် အမေရိကန်သံတမန်ရုံးများထံ ပေးပို့ခဲ့သည်။

ထို့ကြောင့် အမေရိကန်အစိုးရ ထောက်ပံ့မှုဖြင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများဖြစ်သည့် မယ်လ၊ နို့ဖိုး၊ ဘန်တောင်ယန်၊ ထမ်းဟင်၊ ဘန့်တုံယမ်း၊ ဘဲကလော်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)၊ အမှတ် (၂) ဒုက္ခသည်စခန်းများတွင် ကျန်းမာရေးနှင့် အခြားဝန်ဆောင်မှုပေးနေသည့် IRC လည်း အကူညီများအား ဇန်နဝါရီ ၂၇ ရက်နေ့တွင် ရုတ်တရက် ရပ်တန့်ခဲ့ရသည်။

ထို့နောက် ညှိနှိုင်းမှုများလုပ်ဆောင်ခဲ့ပြီး ယခု ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစတင်ကာ IRC မှ ဒုက္ခသည်စခန်းများတွင် ပေးနေသည့် အကူညီများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း ၃ လပြီးနောက် အကူညီများ ဆက်လက်ရ/မရမှာ မသေချာသည့်အနေအခြေအနေတွင် ရှိနေခြင်းဖြစ်သည်။

Most read this week

December 20, 2025
စစ်ကော်မရှင်က မြောက်ဦးပြည်သူ့ဆေးရုံအား လူ့အခွင့်အရေးနေ့တွင် ဗုံးကြဲတိုက်ခိုက်ပြီး...
December 19, 2025
ပြည်ထောင်စုအဆင့်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ လုပ်ကိုင်ခွင့်ပြုထားပြီး အကောင်အထည်ဖော်...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 18, 2025
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ...