တာချီလိတ်တွင် တဖက်ကမ်းကူးသူများအား လဝက ငွေကောက်

တာချီလိတ်တွင် တဖက်ကမ်းကူးသူများအား လဝက ငွေကောက်

ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံနယ်စပ်၊ တာချီလိတ်မြို့တွင် တစ်ဖက်ကမ်းရှိ မယ်ဆိုင်မြို့သို့ ကမ်းကူးမည့်သူများအား စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) မှ ငွေကြေးတောင်းခံနေသည်ဟု ရွှေ့ပြောင်းလုပ်သားအချို့က ပြောသည်။

ယခု ဖေဖော်ဝါရီလအတွင်း တစ်ခါသုံးလက်မှတ်ဖြင့် ကမ်းကူးရန် စောင့်ဆိုင်းနေကြသူများအား စမတ်ကတ် မရှိဟုဆိုကာ လူတစ်ဦးလျှင် ဘတ် ၃၀၀ ကျပ်ဝန်းကျင်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်သည်။

နေ့စဉ်နီးပါး ကမ်းကူးနေသူတစ်ဦးက “၃၀၀ ဆိုတာ ပျှမ်းမျှပေါ့။ တကယ်က လူကြည့်ပြီးတောင်းတာပါ။ တချို့ နည်းနည်း မသင်္ကာစရာတွေ့ရင် ၅၀၀ ပေါ့။ ၁၀၀ နဲ့ ပြီးချင်လည်းပြီးတယ်။ အခုက ကမ်းကူးတဲ့လူ တအားများလာတော့ သူတို့ (လဝက) အတွက်က ဂွင်တည့်နေတာ” ဟု ပြောသည်။

တာချီလိတ်မြို့မှ ထိုင်းနိုင်ငံတစ်ဖက်ကမ်းရှိ မယ်ဆိုင်မြို့သို့ ကူးသန်းသွားလာရန်အတွက် နယ်စပ်ဖြတ်သန်းခွင့် (BP) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP) ဟူ၍ ၂ မျိုးရှိသည်။

အဆိုပါ နှစ်မျိုးအနက် TBP အမျိုးအစားမှာ တာချီလိတ်အိမ်ထောင်စုမဟုတ်သည့် မြန်မာနိုင်ငံသားများအား ဆေးကုသခွင့်နှင့် အခြားကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ပြုလုပ်ပေးခြင်း ဖြစ်သည်။

ယခင်က ယင်း TBP ပြုလုပ်ရာ၌ စမတ်ကတ်မရှိသူများအား ဘတ် ၂၀ ခန့်သာ ကောက်ခံသော်လည်း ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းအတွင်း စစ်မှုထမ်းဥပဒေကြောင့်  မဖြစ်မနေ တိန်းရှောင်လာရသူများအပေါ် အခွင့်ကောင်းယူ၍ တိုးမြင့်ကောက်ခံလာခြင်းဖြစ်သည်ဟု ပွဲစားလောကနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တရားဝင်ကတော့ ကောက်ခွင့်မရှိပါဘူး။ ပြေးလာတဲ့သူတွေက မဖြစ်မနေ ကူးရမယ်ဆိုတော့ တောင်းတာပေါ့။ ကူးမယ့်လူတွေက ဂိတ်မှာ မှတ်ပုံတင်ထားခဲ့ရတယ်။ အပြန်မှ ဝင်ယူပေါ့။ အခု ကူးမယ့်သူတွေကတော့ သူတို့ မှတ်ပုံတင်တွေကို ပွဲစားက ပြန်ယူပေးမှာ။ အဲဒါကို မြန်မာလဝကတွေလည်း သိတယ်။ စားပေါက်ရလို့ မသိချင်ယောင်ဆောင်နေတာ”

တာချီလိတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ဧပြီလနှောင်းပိုင်းကတည်းက စမတ်ကတ်များ ပြုလုပ်ပေးခဲ့သော်လည်း ပွဲစားများဖြင့် ဆောင်ရွက်မှသာ မြန်ဆန်မှုရှိပြီး ဘတ် ၇၀၀ အထိ ကုန်ကျသည်ဟု ယခင်ပြုလုပ်ခဲ့ဖူးသူများက ပြောသည်။

အလားတူ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင်လည်း စမတ်ကတ်လဲလှယ်သူများကို ရှမ်းပြည် စုပေါင်းရုံးရှိ စစ်ကောင်စီလက်အောက်ခံ လဝက ဝန်ထမ်းများက လူတန်းစားအလွှာ အသီးသီးပေါ်မူတည်ပြီး ငွေကျပ် ၃ သောင်းမှ ကျပ်တစ်သိန်းအထိ တောင်းခံလျက်ရှိသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် (ဖားကန့်မြို့နယ်)
January 20, 2026
မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး...
January 19, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်း ၈၀...
January 16, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဒုတိယပိုင်းအတွင်း မဲရုံများနှင့် အုပ်ချုပ်ရေးရုံးများ...
January 14, 2026
တနင်္သာရီတွင် ရွေးကောက်ပွဲအကြိုနေ့၌ စစ်ကော်မရှင်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ...