“ရွက်ဟောင်းကြွေလို့ ရွက်သစ်တွေ မဝေဆာခင် ခန်းမဆောင်လိုအပ်နေတဲ့ နတ်တောင်စစ်ရှောင်စခန်း”

“ရွက်ဟောင်းကြွေလို့ ရွက်သစ်တွေ မဝေဆာခင် ခန်းမဆောင်လိုအပ်နေတဲ့ နတ်တောင်စစ်ရှောင်စခန်း”

“ခန်းမဆောင်က စစ်ရှောင်အတွက် အရမ်းလိုအပ်နေပါတယ်။ ဘာလို့လည်းဆို တခါတလေ လူစုရတဲ့အချိန်တွေမှာဆို ကလေးကော လူကြီးကော လာကြတယ်။ မြေပြင်ပေါ်မှာပဲ ထိုင်နေကြရတာ အဆင်မပြေတော့ဘူး။ အခု နွေရာသီရောက်လာပြီဆိုတော့ သစ်ရွက်တွေ ကြွေပြီလေ နေက အရမ်းပူနေတယ်” လို့ ပြောလာသူကတော့ စစ်ရှောင်စခန်းကော်မတီဝင်တစ်ဦး ဖြစ်ပါတယ်။

ရွက်ဟောင်းတွေ ကြွေလို့ ရွက်သစ်တွေ မဝေဆာခင်မှာ နတ်တောင်လို့ အမည်ရှိတဲ့ စစ်ရှောင်စခန်းမှာ နေထိုင်ကြတဲ့ စစ်ရှောင်တွေအဖို့ ရင်ဆိုင်စရာ စိန်ခေါ်မှုတစ်ခုကို ကြုံတွေ့နေရပါတယ်။

“သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားလို့ရတယ်” ဆိုတဲ့ စကားပုံအတိုင်း စစ်ရှောင်တွေဟာ အစည်းအဝေးတွေ၊ စကားဝိုင်းတွေ၊ ပညာပေး အစီအစဉ်တွေအပြင် ရိက္ခာခွဲဝေတဲ့အခါတိုင်း စစ်ရှောင်စခန်းအတွင်းက သစ်ပင်တွေရဲ့ အရိပ်အောက်မှာ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ရှောင်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ မကြာခဏဆိုသလို တိုက်ခိုက်လာနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြားမှာ အရိပ်အာဝါသကောင်းတဲ့ အပင်တွေရဲ့ အကာအကွယ်အောက်မှာ ရှိနေခြင်းဟာ သူတို့အတွက် ပိုပြီးတော့ စိတ်လုံခြုံမှုတွေကို ခံစားကြရပါတယ်။ အကြောင်းကတော့ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ၊ ဒရုန်းတွေက ရှာမတွေ့နိုင်ဘူးလို့ ယုံကြည်ထားကြလို့ပါပဲ။

ဒါပေမဲ့လည်း နွေဦးဝင်ခါစ ရွက်ဟောင်းတွေ ကြွေလွင့်သွားချိန်မှာတော့ သူတို့အတွက် စိန်ခေါ်မှုကြီးတစ်ခုကို စတင်ကြုံတွေ့လာရပါတော့တယ်။ အရိပ်အာဝါသရဲ့ အကာအကွယ်တွေ ပျောက်ကွယ်လုနီးပါးအချိန်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်းတွေရဲ့ရန်ကို စတင်စိုးရိမ်နေကြပါတယ်။

အစည်းအဝေးတွေ ပြုလုပ်တာတွေ၊ တခါတလေမှာ ဆရာ၊ ဆရာမ လာရောက်ပြီး အသိပညာပေးတာတွေ၊ ဟောပြောပွဲတွေ ပြုလုပ်တာတွေ ရှိနေချိန်မှာ အဆင်မပြေမှုတွေ ရှိနေတဲ့အကြောင်း စစ်ရှောင်ကော်မတီ အမျိုးသမီး တစ်ဦးက အခုလိုပြောပါတယ်။

“ကျမတို့ အခုချိန်မှာလေ အစည်းအဝေးတွေ ခေါ်ရင် ပြီးတော့ တခါတလေ ဆရာ ဆရာမတွေ အသိပညာပေးတွေ ဟောပြောပွဲတွေ လာလုပ်မယ်ဆိုရင်လည်း သစ်ပင်အောက်မှာပဲ နေနေတာပေါ့နော်။ အရင်တုန်းကဆိုရင် သစ်ပင်တွေ သစ်ရွက်တွေနဲ့ အဆင်ပြေတယ်လေနော်” လို့ စစ်ရှောင်ကော်မတီဝင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရွက်သစ်တွေ မဝေဆာခင်ထိ ပြီးခဲ့တဲ့ နှစ်တွေတိုင်းမှာတော့ အနီးအနားမှာရှိနေတဲ့ ကျေးရွာရဲ့ ခန်းမဆောင်ကိုပဲ အားထားပြီးတော့ အသုံးပြုလာခဲ့ကြတာပါ။ အခုချိန်မှတော့ ကလေးတွေ ပညာသင်ဖို့ နေစရာမရှိတော့တဲ့အခါမှာတော့ ပညာရေးကိုပဲ ဦးစားပေးခဲ့ရလို့ ခန်းမဆောင် ပြန်လည်ဆောက်လုပ်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတာပါ။

အဆိုပါ စစ်ရှောင်စခန်းမှာ နေထိုင်ကြတဲ့ စစ်ရှောင်တွေရဲ့ လုပ်အားနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြမှာ ဖြစ်ပြီး ငွေကြေးကူညီထောက်ပံ့မယ် အလှူရှင်တွေ လိုအပ်နေတယ်လို့ ပြောဆိုကြပါတယ်။

နတ်တောင်လို့ အမည်ပေးထားတဲ့ စစ်ရှောင်စခန်းတခုမှာတော့ ကရင်နီပြည်၊ ဒီမော့ဆို အနောက်ဘက်ခြမ်း တစ်နေရာမှာ တည်ရှိနေပါတယ်။

ငတ်တလှည့် ပြတ်တလှည်ံနဲ့ တစ်ဦးကိုတစ်ဦးဖေးမကူညီရင်း နေထိုင်နေကြတဲ့ စစ်ရှောင်ဦးရေ ၄၀၀ ကျော်ရှိပြီး အိမ်ခြေ ၁၀၀ နီးပါးရှိပါတယ်။

March 9, 2026
ကရင်နီပြည်၊ မြေပြင်တစ်နေရာမှာ ကိန္နရီပညာရေး စင်တာကနေ ဖွင့်လှစ်ပေးမည့် သက်မွေး သင်တန်းအတွက်...
March 9, 2026
ကော့စ်ဘဇား ရှိ စခန်း ၃၃ ခုတွင် ပြုလုပ်ခဲ့သော လေ့လာမှုအရ ဆင်းရဲမှု၊ လုံခြုံရေးအန္တရာယ်နှင့်...
ဒီးမော့ဆိုအနောက်ခြမ်းတနေရာက ဓာတ်ဆီဆိုင်တဆိုင်ကို တွေ့ရစဉ်
March 7, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဓာတ်ဆီဆိုင်တဆိုင်မှာ ဆီမရောင်းပေးတဲ့အတွက် ဝယ်သူနှစ်ဦးက...
March 5, 2026
ရှမ်း - ကရင်နီနယ်စပ် ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ မတ်လ (၃)ရက်နေ့ကစလို့ စက်သုံးဆီ...