“ဘတ်လုပ်ဖို့က အများကြီး ရင်းရတယ်။ ဘတ်လုပ်ဖို့ သူများဆီကနေ ပိုက်ဆံချေးရတာလည်း ရှိတယ်။ ဘတ်ရှိပြီး အလုပ်မရှိသူလည်း ရှိတယ်” ဟု စိုးရိမ်ပူပန်သည့် လေသံဖြင့် မအေးခိုင် (အမည်လွှဲ) က ပြောလာသည်။
မအေးခိုင်သည် အသက် (၂၅) နှစ် အရွယ်သာရှိပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ထုတ်ပြန်လာသည့် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရွှေ့ပြောင်းလာသူဖြစ်ကာ၊ ချင်းမိုင်မြို့သို့ ရောက်ရှိလာသည့်ကာလ အထောက်အထားမဲ့ဖြင့် တစ်နှစ်နီးပါး တိတ်တဆိတ် နေထိုင်ခဲ့သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ရောက်နေသည့် မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် (၄) နိုင်ငံမှ နိုင်ငံသားများကို လူသစ် အလုပ်သမား မှတ်ပုံတင်ခွင့်ပြုမည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်ပြောဆိုလာသည်။
လူသစ် အလုပ်သမား မှတ်ပုံတင်ခြင်းသည် တရားမဝင် ရွှေ့ပြောင်းလာသူများကို တရားဝင်ဖြစ်အောင် ထိုင်းအာဏာပိုင်က နှစ်စဉ်ထုတ်ပေးလေ့ရှိသော အလုပ်လုပ်ခွင့် အသိအမှတ်ပြုကတ်ဖြစ်သည်။ ထိုကတ်ကို ပန်းရောင်ကတ် (Pink Card) ဟု လူသိများသကဲ့သို့ “ဘတ်ရိုက်ခြင်း” ဟုလည်း ခေါ်ကြသည်။
ထိုပန်းရောင်ကတ် (ဘတ်) မရှိလျှင် အလုပ်ရှာရန်ခက်ခဲပြီး၊ အထောက်အထားမရှိဘဲ အလုပ်သွားလုပ်ကိုင်လျှင်လည်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရနိုင်သည်။
“ကျမက အခု ဘတ်ရိုက်ဖို့အတွက် အကြွေးတွေ ယူထားရတာ၊ ဘတ်မရှိတုန်းကတော့ အလုပ်က တရားဝင်မရှိဘူး။ ပိုက်ဆံလိုချင်တော့ နေ့စားလိုက်ရတာပေါ့။ ဘတ်ရိုက်တာက ပွဲစားကို ထိုင်းဘတ်ငွေ တစ်သောင်းခွဲ ပေးရတယ်” ဟု မအေးခိုင် က စိတ်မကောင်းစွာ ပြောသည်။
ပန်းရောင်ကတ် ခေါ် (ဘတ်) ရိုက်စျေးနှုန်းသည် Name Lists ခေါ် နာမည်စာရင်းတင်ချိန်မှစပြီး ဘတ်ငွေ တစ်သောင်းခွဲမှ ဘတ်ငွေ ၂ သောင်း အထက်ထိ (မြန်မာကျပ်ငွေ ကာလပေါက်စျေး တစ်ဆယ့်ငါးသိန်း – ၁၅ သိန်း) အထက်ထိ ဈေးပေါက်နေသည်။
ထိုပေါက်စျေးနှုန်းများကြောင့် လူသစ်အလုပ်သမားများ တရားဝင် အလုပ်လုပ်ခွင့်ကတ်လုပ်ရန်အတွက် စိန်ခေါ်မှုကြီး ရင်ဆိုင်နေရသော်လည်း နိုင်ငံခြား တိုင်းတစ်ပါးတွင် လာရောက်နေထိုင်သူများဖြစ်သည့်အလျောက် အထောက်အထားမရှိလျှင် အလုပ်အပြင် ကျန်းမာရေးစောင့်ရှောက်မှုများပါ မရရှိနိုင်ပေ။
“သူများနိုင်ငံ ရောက်ပြီဆိုကတည်းက သူများနိုင်ငံရဲ့ ဥပဒေကို လိုက်နာရမှာပဲ။ ပြောရမယ်ဆို ကျမတို့လည်း လာချင်လို့ လာရတာမှ မဟုတ်ကြတာ၊ ကိုယ့်တိုင်းပြည် နိုင်ငံရေးအခြေအနေကြောင့် လာကြရတဲ့သူတွေပဲ။ ခုက ရတဲ့အလုပ်တွေလုပ်၊ ဘတ်လုပ်ဖို့က ပိုအရေးကြီးတယ်” ဟု မအေးခိုင်က ထပ်လောင်းပြောသည်။
လက်ရှိတွင် အထောက်အထား မရှိသူများကို ထိုင်းအာဏာပိုင်ဘက်က လူသစ်အလုပ်သမား မှတ်ပုံတင်ကတ် (ဘတ်) ထုတ်ပေးမည့်အပြင် တရားဝင် နေထိုင်အလုပ်လုပ်ခွင့် (Work Permit) သက်တမ်းကို တစ်ကြိမ်လျှင် တစ်နှစ်နှုန်းဖြင့် နှစ်ကြိမ်နှင့် ၂ နှစ် တစ်ကြိမ်၊ စုစုပေါင်း ၄ နှစ် တိုးခွင့်ပေးမည်။
သို့သော် မြန်မာဘက်က ထုတ်ပေးသည့် မြန်မာနိုင်ငံသား မည်သူမည်ဝါဖြစ်ကြောင်း အသိအမှတ်ပြု အစိမ်းရောင်ကတ် (CI) အကြောင်း ယနေ့အချိန်ထိ မသိရှိရသေးပေ။
ထိုင်းရောက် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတစ်ယောက် တရားဝင်ဖြစ်လာအောင် ဘတ်၊ Work Permit နှင့် CI စာအုပ်ရှိရမည်ဖြစ်ပြီး ပန်းရောင်ကတ်နှင့် ဝေါ့ခ်ပါမစ် စာအုပ်သက်တမ်းသည် တစ်နှစ် သို့မဟုတ် နှစ်နှစ်အထိ သက်တမ်းရှိတတ်သည်။
ထိုစာရွက်စာတမ်းနှင့် စာအုပ်များအတွက်ကြောင့် ထိုင်းရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နှစ်စဉ် ခေါင်းကိုက်စေပြီး၊ ထိုင်းအာဏာပိုင်များ၏ နှစ်အလိုက် ပြောင်းလဲနေသည့် သားရေကွင်းလို တင်းချည်လျော့ချည် မူဝါဒကြောင့် စိတ်ပူပန်မှု ရှိနေကြပြန်သည်။
“ဘတ်ရိုက်ဖို့က မျိုးစုံပါပဲ၊ နားမလည်ဘူး။ ပွဲစားဆီမှာ စာရင်းတင်ဆိုလို့ တင်လိုက်တယ်။ ကျနော်အနေနဲ့က ထိုင်းလိုလည်း မရဘူးဆိုတော့ အခက်အခဲတော့ ရှိတာပေါ့။ အလုပ်ရှင် သူဌေး ထောက်ခံစာလည်း လိုတယ်။ သူဌေးမရှိရင် ငွေပိုပေးရတာပေါ့” ဟု ပန်းရောင်ကတ် လုပ်သည့်ကိစ္စနှင့် ခေါင်းရှုပ်နေသည့် ကိုနေ က ပြောသည်။
ယခင်နှစ်များတွင် ငွေကုန်ကြေးကျမှု ထိုင်းဘတ် တစ်သောင်းဝန်းကျင်ခန့်သာ ရှိသော်လည်း လက်ရှိမှာ လူသစ်စာရင်းသွင်း ကတ်အပြီးအစီး ဘတ်ငွေ နှစ်သောင်းဝန်းကျင် တိုး၍ ကုန်ကျသဖြင့် အလုပ်သမားများ စိတ်သောက ဖြစ်နေကြသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဉပဒေကြောင့်သာ မြန်မာနိုင်ငံအတွင်းရှိ အရွယ်ကောင်း လူငယ်များသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ ကုန်ကျစရိတ် သက်သာမှုရှိသည့် ထိုင်းနိုင်ငံသို့ တရားဝင်နည်း ဒါမှမဟုတ် တရားမဝင်အဖြစ်လည်း ရွှေ့ပြောင်းလာကြသည်။
ထို့ကြောင့် ဘတ်ရိုက် အလုပ်သမားကတ် လုပ်ရာတွင် ထိုင်းအာဏာပိုင်ဘက်က တောင်းဆိုသည့် မွေးသက္ကရာဇ်၊ နာမည်စာရင်း ပေးသွင်းရာတွင် ခက်ခဲမှု မရှိသော်လည်း မြန်မာအာဏာပိုင်ဘက်မှ ပြုလုပ်သည့် CI သက်သေခံကတ် အတွက်တော့ စိတ်ပူပန်သောက ဖြစ်နေကြပြန်သည်။
“CI ကတ်က စစ်ကောင်စီ လုပ်ပေးတာဆိုတော့ ကြောက်တယ်။ ကျနော်တို့က သူ့ကိုမကြိုက်လို့ ဒီဘက်ပြေးလာတာလေ။ နောက် ကျနော်တို့ အသက်တွေ လူနာမည်တွေ ကောက်၊ ငွေတွေပေးရမှာ မကြိုက်ဘူး” ဟု ကိုနေ က ထောက်ပြပြောဆိုသည်။
ထို့အပြင် ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှ စစ်ကောင်စီ ပြဋ္ဌာန်းလိုက်သည့် ပြည်ပရောက် အလုပ်သမားများ၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မဖြစ်မနေ ဘဏ်က တဆင့် ပြည်တွင်းထဲ ပြန်လည် လွှဲပြောင်းရမည်ဆိုသည့် သတင်းကိုလည်း ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများက မနှစ်မြို့ပေ။
“အထောက်အထား မရှိတော့လည်း နေလို့မရ၊ ရှိပြန်တော့လည်း စစ်ကောင်စီကို အချက်အလက်ပေးတာ ဖြစ်မှာလည်း ကြောက်ရ။ နောက် စစ်ကောင်စီကို အခွန်ဆောင်ရတာတွေလည်း ကြောက်နေရတယ်။ သူတို့ကို ပုန်ကန်လို့ ထွက်လာပါတယ်ဆိုမှ သူတို့နဲ့ကလည်း မကင်းနိုင်ဘူး” ဟု ကိုနေ တစ်ယောက် ရင်ဖွင့်ပြောဆိုလာသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားမဝင် အထောက်အထားမဲ့ များအား ထိုင်းအာဏာပိုင်များက အဖမ်းအဆီးများ ဆက်တိုက်ရှိနေသဖြင့် မြန်မာ အပါအဝင် တရားဝင် အလုပ်သမားနှင့် တရားမဝင် အလုပ်သမားများအတွက် အလုပ်အကိုင် ရှားပါးနေကြောင်း အမည်လွှဲ အေးမိ က ပြောသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ထိုင်းသို့ ချေးငှားပေါင်နှံ၍ လာကြခြင်း ဖြစ်သောကြောင့် အကြွေးနွံနစ်ခြင်း၊ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးအရေးယူခံရမည်ကို ကြောက်ရွံ့နေရခြင်းတို့ဖြင့် ရင်ဆိုင်နေကြရကြောင်း ၎င်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများသည် တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများ သက်တမ်းတိုးရန်နှင့် လက်ရှိအချိန်တွင် မြန်မာသံရုံးဘက်မှ ပြန်လည် ဖွင့်လှစ်ပေးနေခြင်း မရှိသေးကြောင်း၊ သက်တမ်းတိုးရန် အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း အေးမိ ဆိုသူတစ်ဦးက ပြောသည်။
လက်ရှိ အလုပ်သမားကဒ်နှင့် CI ပြုလုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံနှင့် မြန်မာသံရုံးဘက်က အသိအမှတ်ပြုရန် နှစ်ဖက်စလုံး လက်မှတ်ထိုးပေးမှသာ တရားဝင်လက်မှတ် ဖြစ်မည်ဟု ၎င်းက ပြောသည်။
အသိအမှတ်ပြုရန် CI စာအုပ်နှင့် အလုပ်လုပ်ကိုင်ရန် ဝေါ့ခ်ပါမစ်နှင့် Pink Card စသည့် အထောက်အထားများကို သက်တမ်းတိုးရန် ထိုင်းနိုင်ငံအစိုးရက ဘတ်ငွေ ရှစ်ထောင်ဝန်းကျင်သာ ကုန်ကျမည်ဟု ကြေညာထားသော်လည်း ပွဲစားများမှ ဘတ်ငွေ တစ်သောင်းခွဲအထိ တောင်း၍ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
“အခုက သက်တမ်းတိုးနေကြတဲ့သူတွေ အသစ်လုပ်တဲ့ သူတွေရောပဲ ကျမလုပ်တဲ့ ပွဲစားက ပြောနေတယ်၊ မြန်မာသံရုံးဘက်က အသိအမှတ်ပြုရန် လက်မှတ်ထိုးဖို့ပေါ့နော်။ သူတို့ ရုံးခုထိ မဖွင့်သေးဘူး၊ ဘာမှလည်း အကြောင်းမကြားလာဘူးလို့ ပြောနေတယ်။ ဒါကလည်း စိုးရိမ်ရပြန်တယ်၊ ပိုက်ဆံတွေလည်း အများကြီး ကုန်ထားတာမို့” ဟု မဥမ္မာက ဆိုသည်။
ယခု အရေးကြီးဆုံး စိုးရိမ်မှုဟာ လူဟောင်း ဘတ်သက်တမ်းတိုးဖို့နှင့် အသစ်လုပ်မည့်သူများကို အသိအမှတ်ပြုပေးရန် မြန်မာသံရုံးဘက် လက်ရှိအချိန်ထိ ပိတ်ထားနေပြီး မည်သည့် အကြောင်းမှ ပြန်လည် ပြောကြားပေးခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“အခုကြုံတွေ့ရတဲ့ အခက်ခဲတော့ မြန်မာသံရုံးက မဖွင့်သေးလို့ သက်တမ်းတိုးမယ့်လူနဲ့ အသစ်လုပ်မယ့် သူတွေအတွက် သူတို့ဘက်က အသိအမှတ်ပြုဖို့ လက်မှတ်ထိုးပေးရတာ။ ထိုင်းဘက်တော့ ထိုင်းလုပ်ပေးလို့ တခါတည်းပြီးသွားရင် ပိုကောင်းတာပေါ့။ အလုပ်လုပ်နေတဲ့သူတွေလည်း စိတ်မပူရဘူး။ ခုက ၃ လနဲ့ အပြီးလုပ်မယ် ပြောနေတာပဲ ချမှတ်ထားသလို ပြီးမလားမသိဘူး” သူက ဆက်ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ပြည်ပသို့ အလုပ်ထွက်လုပ်သူများအတွက် ပြုလုပ်ပေးထားသော PJ ခေါ် အလုပ်သမားပတ်စပို့ ကိုင်ဆောင်ထားသူများကို ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားသလို အသက် ၂၃ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကိုလည်း ကန့်သတ်ထားသည်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာလိုကြသော လူငယ်လူရွယ်များသည် ကန့်သတ်ချက်များကြောင့် နိုင်ငံကူးလက်မှတ်ကို PJ မှ PV သို့ ပြောင်းလဲရန် ကြိုးစားလာကြသည်။
မြန်မာနိုင်ငံတွင်း ပဋိပက္ခများနှင့် စစ်မှုထမ်းဥပဒေတို့ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှုများ များပြားလာခဲ့သလို မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်း လမ်းခရီးတွင် ဖမ်းဆီးခံရမှု၊ ပွဲစားများ၏ လိမ်လည်ခံရမှု၊ လူကုန်ကူးခံရမှုများ ရှိနေသည်။
“စစ်မှုထမ်းဥပဒေကြောင့် အသက် ၁၈ ကနေ ၃၅ ကြားဆို နိုင်ငံပြင်ပ ပေးမထွက်ကြဘူး။ ထွက်လာလို့ ရောက်သွားတဲ့သူကလည်း PJ မှ PV ကို ပြောင်းလုပ်တာ များလာတယ်။ နိုင်ငံရေးက အရင်လို ဖြစ်နိုင်ဖို့က ဝေးသွားပြီ၊ လူကုန်ကူးခံရတာနဲ့ အလိမ်ခံရတာနဲ့ပဲ ကြုံတွေ့နေရတယ်” ဟု မဥမ္မာက ပြောပြသည်။
ထိုင်းနိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများထဲ အိမ်ဖော်နှင့် အိမ်အကူ အဖြစ် အလုပ်လုပ်နေသည့် အလုပ်သမားအတွက်လည်း တရားဝင် အလုပ်ဖြစ်ဖို့ရန် သက်ဆိုင်ရာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ တောင်းဆို ကြိုးပမ်းခဲ့သော်လည်း ယခုအချိန်ထိ ဖြစ်မလာနိုင်သေးပေ။
ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး အိမ်အကူလို့ ခေါ်ကြတဲ့ အိမ်တွင်းအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေကြသည့် အရေအတွက် များလာပြီး အိမ်အကူ အလုပ်ကိုလည်း အမျိုးသမီးအရွယ်စုံ လုပ်ကိုင်နေကြသည်။
အိမ်အကူ အလုပ်သည် တရားဝင် အလုပ်အဖြစ် ခေါ်ဆိုသတ်မှတ်မှု မရှိသေးခြင်းကြောင့် အိမ်ရှင်များက လုပ်ခလစာ နှိမ်ပေးခြင်း၊ အလုပ်ချိန် ပိုဆင်းခိုင်းခြင်း၊ နားရက်မရှိ အလုပ်လုပ်နေရခြင်းမျိုး ဆက်ဖြစ်စေနိုင်ကြောင်း အိမ်အကူ လုပ်နေသည့် အမျိုးသမီးငယ် နန်းခမ်းခေါင်ဆိုသူက ပြောသည်။
“အိမ်ဖော်အလုပ်ကို တရားဝင်အလုပ် ဖြစ်စေချင်ကြတယ်၊ တောင်းဆိုချက်တွေလည်း နှစ်တိုင်းလိုလိုပဲ။ တချို့လည်း သူဌေးကောင်းနဲ့တွေ့တာ၊ တချို့လည်း အကြမ်းဖက်ခံရတာတွေ ရှိတယ်။ နားရက်ဆိုလည်း မပေးဘူး၊ နေမကောင်းလို့သာ နားရက်ပေးတာမျိုးပဲရှိတယ်။ လစာဆိုလည်း သူတို့ပေးချင်သလို ပေးတာ၊ သူများတွေလို နားရက်လေး တရားဝင်ဖြစ်ဖို့လည်း အမြဲတမ်းမျှော်လင့်တယ်” ဟု မျှော်လင့်ချက်ဖြင့် နန်းခမ်းခေါင်က ပြောသည်။
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် ရွှေ့ပြောင်းလုပ်သားတွေဟာ လုပ်ငန်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် လုပ်အားခ ခေါင်းပုံဖြတ်မှုများလည်း ကြုံနေရသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ဒေသအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကြုံတွေ့နေရသည့် ပြဿနာများကို ဘယ်လိုကျော်လွှားကြမလဲ၊ ဘယ်လိုပြင်ဆင်ကြမလဲ၊ ရွှေ့ပြောင်းအလုပ်သမား အရေး လှုပ်ရှားသည့် အဖွဲ့အစည်းကို တိုင်ကြားပြီး စုပေါင်း အဖြေရှာနိုင်ရန်အတွက် အလုပ်သမား အချင်းချင်း တွေ့ဆုံဆွေးနွေးကြသည့် စကားဝိုင်းကိုလည်း ပြုလုပ်နေကြောင်း MAP Foundation မှ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးသူ ပီထောင်းခမ်းက ပြောသည်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်းသို့ မြန်မာပြည်မှ တရားမဝင် ရွှေ့ပြောင်းသွားလာမှု မြင့်တက်ပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာခြင်း၊ ၎င်းအခြေအနေကို အခွင့်ကောင်းယူပြီး လုပ်အားခ ခေါင်းပုံဖြတ်ခြင်းသည် အရင်ထက် များပြားလာနေကြောင်း ပီထောင်းခမ်းက ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအနေဖြင့်လည်း ထိုင်းနိုင်ငံမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာသင့်ကြောင်း၊ အထောက်အထားများ မပြည့်စုံလျှင် ဆင်ခြင်ပြီး နေသင့်ကြောင်းလည်း သူက တိုက်တွန်းလိုက်သည်။
“ဒီမှာက အခက်အခဲမျိုးစုံပဲ၊ ဘတ်ရှိပြီး အလုပ်ရှင်မတူတာ။ နောက် ကန့်သတ်လုပ်ငန်းမှာ လုပ်တာ။ ပြီးတော့ အိမ်ဖော်အလုပ်ကလည်း တရားဝင်မဟုတ်သေးတာ။ ဘတ်ရှိတိုင်းလည်း သူ့စည်းမျဉ်း မလိုက်နာရင် ဖမ်းခံရမှာပဲ။ ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားတိုင်းက ထိုင်းဉပဒေ စည်းမျဉ်းကို လေ့လာဖို့၊ မသိရင် မေးဖို့လိုပါတယ်” ဟု ပီထောင်းခမ်း က မှတ်ချက်ပြုလိုက်သည်။
ထို့ကြောင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံ၏ ဒုက္ခမျိုးစုံ အခက်အခဲမျိုးစုံကြောင့် ရွှေ့ပြောင်းလာရသည့်အတွက် ကိုယ့်ဘက်မှ အမှားနည်းအောင် ထိုင်းနိုင်ငံ၏ အလုပ်သမားဉပဒေ၊ စည်းမျဉ်းစည်းကမ်းကို လေ့လာရန်နှင့် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများကိုလည်း ချဉ်းကပ်ရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံသို့ နှစ်ပေါင်းများစွာ လာရောက်လုပ်ကိုင်နေသူများက သတိချပ်နိုင်ရန် ထောက်ပြပြောဆိုလိုက်သည်။







