တောင်ကြီးတွင် ဒုစရိုက်မှုများ များလာပြီး အရေးယူနိုင်မှုမရှိ

တောင်ကြီးတွင် ဒုစရိုက်မှုများ များလာပြီး အရေးယူနိုင်မှုမရှိ

ရှမ်းပြည်၏မြို့တော် တောင်ကြီးတွင် ဒုစရိုက်မှု ကျူးလွန်သူများ ပိုမိုများပြားလာပြီး စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်းမရှိဟု မြို့နေပြည်သူများက ပြောသည်။

တောင်ကြီးမြို့တွင် ၂၀၂၅ နှစ်ဦးပိုင်းအတွင်း ခိုးဆိုးလုယက် ဒုစရိုက်သမားများ ပိုမိုများပြားလာပြီး မြို့လယ်ခေါင်နေရာများအထိ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြသည်ဟု မြို့နေပြည်သူများက ပြောသည်။

တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ သံလွင်မူကြိုရှေ့တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခွဲဝန်းကျင်အချိန်ခန့်၌ အထက်တန်းကျောင်းသူတစ်ဦး၏ ဖုန်းနှင့် ပိုက်ဆံအိတ်အား အမည်မသိ ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးမှ လုယက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

မျက်မြင်တွေ့ရှိသူတစ်ဦးက “ဆိုင်ကယ်စီးပြီး အရှိန်နဲ့ လာလုတာ။ လူက ဦးထုပ်ဆောင်း မှန်ချထားတော့ ဘယ်သူမှန်း မသဲကွဲဘူး။ သူ့ပစ္စည်းက သူ့အမေက အော်တော့ ပါမသွားလိုက်ဘူး။ ဝိုင်းအော်ပြီး ယောကျာ်းလေးတွေ ပြုံလာတော့ မောင်းပြေးသွားတာ” ဟု ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ပထမပတ်ထဲ၌လည်း အလုပ်မှပြန်လာသည့် အမျိုးသမီးတစ်ဦးအား တောင်ကြီးမြို့အစွန်၊ ကရင်မရေထွက်အနီး၌ အမည်မသိ လူ ၂ ဦးမှ လုယက်ရန် ကြိုးပမ်းခဲ့သေးသည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

“သူသတိထားမိတော့ အိမ်ရောက်ဖို့ လိုသေးတာနဲ့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်လုပ်ပြီး အိမ်ကို ဖုန်းဆက်တော့ လာကြိုတယ်လို့ ပြောပါတယ်။ ဆိုင်ကယ်ချင်း ထပ်ကြပ်မကွာလိုက်ပြီးမှ ခြိမ်းခြောက်တာပါ။ ဘာမှတော့ ပါမသွားပေမယ့် ပါသွားလုဆဲဆဲအခြေအနေအထိ ရောက်ခဲ့တာပါ”

ထို့အပြင် ယခင်က မရှိခဲ့ဖူးသည့် ခါးပိုက်နှိုက်များလည်း မြို့မဈေး၊ City Square စသည့် လူစည်ကားသောနေရာများတွင် ကျင်လည်ကျက်စားနေကြသည်ဟု ဈေးသည်များက ပြောသည်။

အဆိုပါ ဒုစရိုက်ကျူးလွန်သူများအား စစ်ကောင်စီနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့တို့က တစ်စုံတစ်ရာ ဖမ်းဆီးအရေးယူမှုများ မရှိသည့်အပြင် ပြည်သူစစ်များကိုပါ ထပ်မံ ကျူးလွန်ခွင့်ပေးနေသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း တောင်ကြီးမြို့၌ ရွှေတောင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ဦးဆောင်သည့် ပျူစောထီးအဖွဲ့က လူငယ်တစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးကာ ကျပ်သိန်း ၂၀ တောင်းခံမှုလည်း ဖြစ်ပွားခဲ့သေးသည်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) အရာရှိတစ်ဦးကလည်း ၎င်း၏ဆိုင်ကယ်အား ကျော်တက်သည့် လူငယ် ၂ ဦးကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ဆိုကြသည်။

ဓါတ်ပုံ - ဒရုန်းထိမှန်သေဆုံးသွားသည့် ပရဟိတသမား မိုင်းထွန်းလှပုံ
March 20, 2026
ရှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုးကန့်တပ် (MNDAA) နှင့်...
KNU (ပုံဟောင်း)
March 19, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကော်မရှင်၏...
March 18, 2026
စစ်ကိုင်းတိုင်း၊ ကျွန်းလှနှင့် ကောလင်းမြို့နယ် အစပ်ရှိ ရွှေဖောင်များကို စစ်ကော်မရှင်က...
March 17, 2026
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့...