မိုင်းဆတ်မြို့တွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် (၁) စတင်ကောက်ခံ

မိုင်းဆတ်မြို့တွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် (၁) စတင်ကောက်ခံ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် (၁) ကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ စတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများလည်း အမျိုးသားများနှင့် တန်းတူ စစ်မှုထမ်းရန် ဇန်နဝါရီလမှစပြီး စစ်မှုထမ်း အပတ်စဉ် (၁) အတွက် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမျိုးသမီး စစ်မှုထမ်းစာရင်းများကို လိုက်လံကောက်ခံနေကြောင်း မိုင်းဆတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က ဒီတိုင်း အမျိုးသမီးစာရင်း ပုံစံလိုပဲ ကောက်တာ။ ဘယ်လောက်ရှိလဲဆိုတဲ့ သဘောပေါ့နော်။ အရင်လထဲကပဲ။ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းပါ ကောက်ပြီး နာမည်ကျတဲ့သူ သင်တန်းသွားရမှာလား မသိဘူး။ မဲနှိုက်ရမယ်တော့ ပြောတယ်။ အစားထိုးဖို့မရှိရင်တော့ ကိုယ်တိုင်သွားရမှာတဲ့။ ဘယ်လိုတွေ ဆက်ဖြစ်လာမလည်း မပြောတတ်ဘူး။ ဘယ်သူမှလည်း မလုပ်ချင်ကြတော့” ဟု ၎င်းဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီသည် အမျိုးသမီးများကိုပါ စစ်မှုထမ်း စတင်ခေါ်ယူမည့် သတင်းများကြောင့် မိဘများအကြားတွင်လည်း စိုးရိမ်ပူပန်မှုများစွာဖြစ်နေပြီး ငွေကြေး အဆင်မပြေမှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြားမှ နေ့စဉ် စိတ်သောကရောက်နေရကြောင်း မိုင်းဆတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ကြောင့် လူငယ်အများစုသည် မြန်မာနိုင်ငံအား စွန့်ခွာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အခြား ပြည်ပနိုင်ငံများသို့ အခက်အခဲများကြားမှ ရသည့်နည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေရသလို ပြည်သူ့စစ်တပ်ဖွဲ့များအတွင်းသို့ ဝင်ရောက်သွားသူများလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်က ယောကျာ်းလေးတွေပဲ ကောက်တယ်။ ပိုက်ဆံရှိရင်တော့ အစားထိုးထည့်ပေးတာမျိုးတွေ ရှိတယ်။ အခုက အမျိုးသမီးတွေပါ ကောက်တော့မယ်ဆိုတော့ မိဘတွေ စိုးရိမ်နေကြတယ်။ ပေးမသွားချင်ကြဘူး။ အခုဆိုရင် ပြည်ပနိုင်ငံကို တော်တော်သွားကြတယ် အခွင့်အရေးရရင်ရသလို ထွက်ကြတယ်။ တချို့လည်း ပြည်သူ့စစ်ထဲ ဝင်သွားတာမျိုးရှိကြတယ်” ဟု ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်မှုထမ်းရန် အသက်အရွယ် သတ်မှတ်ချက်အတွင်း အကျုံးဝင်သည့် အမျိုးသားများအား စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းသင်တန်းတက်ရောက်ရန် မိုင်းဆတ်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင် (၄) ကြိမ်မြောက်အဖြစ် စတင်ခေါ်ယူနေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

အင်အားပြုန်းတီးမှုများစွာ ဖြစ်ပေါ်နေသော စစ်ကောင်စီတပ်သည် စစ်မှုမထမ်းမနေရစနစ်အား အသက်သွင်းပြီးနောက် မြန်မာနိုင်ငံတွင်းရှိ လူငယ်အများအပြား ခြိမ်းခြောက်မှုများစွာ ကြုံတွေ့နေရခြင်း ဖြစ်သည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်း သျှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဘက်မှ ပြည်သူ့စစ်အမျိုးသမီးပါ အသုံးပြုလာပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ် ပြောပြချက်အရ သိရသည်။

January 19, 2026
စိုင်းဟန်လင်း —ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို...
January 17, 2026
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး...
January 16, 2026
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့်...
January 15, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်...