မိုင်းရယ် ကျားဖြန့်လုပ်ငန်းတွင် ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အများအပြား ဖမ်းဆီးရမိ

မိုင်းရယ် ကျားဖြန့်လုပ်ငန်းတွင် ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အများအပြား ဖမ်းဆီးရမိ

ပုံစာ – ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အများအပြားကို မိုင်းရယ်မြို့နယ် ကျားဖြန့်ရုံများတွင် စစ်ကောင်စီ ဖမ်းဆီးရမိ (ဓာတ်ပုံ – Myanmar Digital News)

သျှမ်းပြည် မိုင်းရယ်မြို့နယ် မိုင်းဟဒေသတွင် အွန်လိုင်းကျားဖြန့်လုပ်ကိုင်နေသည့် ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အများအပြားကို စစ်ကောင်စီတပ်က တိုက်ပွဲဖော်ဆောင် ဖမ်းဆီးခဲ့ရာ စုစုပေါင်း (၈၀) ကျော် ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၅) ရက်မှ (၇) ရက်အတွင်း မိုင်းရယ်မြို့နယ် စစ်ကောင်စီတပ်မှ မိုင်းရယ်နှင့် မိုင်းကောင်ဘက်မှ စစ်ကြောင်းနှစ်ခုခွဲကာ မိုင်းဟဒေသရှိ အွန်လိုင်းကျားဖြန့် (၅) နေရာထက်မနည်းကို အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကျားဖြန့်လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျားဖြန့်လုပ်ကိုင်သူ (၈၀) ကျော် ဖမ်းဆီးရမိကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးနဲ့ အရင်ပစ်ပြီးမှ ဝင်လာတာ၊ မိုင်းကောင်နဲ့ မိုင်းရယ်ကနေ စစ်ကြောင်းနှစ်ကြောင်း ထိုးသွားတာ။ အစက ကိုးကန့်တပ်နဲ့ တိုက်ပွဲဖြစ်တယ်ထင်တာ၊ အဲ့ဘက် ပြည်သူ့စစ်ရှိတော့ အင်အားသုံးတယ်လို့ ပြောရမှာ။ တရုတ်တွေလည်း ပိုက်ဆံရှိတော့ သေနတ်ကိုင်ကြတယ်။ ဖမ်းခံရတာ တရုတ်၊ ဗီယက်နမ်နဲ့ ဒီက ကလေးတွေရယ် ၈၀ ကျော် ဖမ်းမိတယ်ပြောတယ်” ဟု အသက် (၄၀) ကျော်အရွယ် မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ ကျားဖြန့်လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီဘက်က တိုက်ပွဲဖော်ဆောင်ကာ အင်အားသုံး ဖမ်းဆီးခဲ့သော်လည်း မိုင်းရယ်မြို့နယ်ရှိ ပြည်သူ့စစ်ထိန်းချုပ်နယ်မြေအတွင်း ရွှေ့ပြောင်းလုပ်ကိုင်နေသည့် ကျားဖြန့်ရုံ အများအပြား ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

“ကျားဖြန့်ရုံ ၄ နေရာလောက် ဝင်ပစ်ပြီး ၂ ရုံကို ဖမ်းသွားတယ်။ အဲ့နားတဝိုက် ကျားဖြန့်ရုံတွေမှ အများကြီးပဲ။ ကျားဖြန့်က တစ်နေရာမှာ အကြာကြီးမနေဘူး၊ ခနခန ရွှေ့ပြောင်းနေကြတာ။ အခုက တိုက်ထဲမှာ မဟုတ်တော့ဘူး၊ သစ်သားနဲ့ သွပ်ပြားနဲ့ပဲ ရုံအကြီးကြီး ဆောက်တော့တာ။ တချို့လည်း မိုင်းကောင်သွားတဲ့လမ်းဘက်မှာ အရင်က ကျားဖြန့်ရုံဟောင်းတွေ ရှိသေးတယ်” ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

မိုင်းရယ်မြို့နယ် မိုင်းဟဒေသတွင် (၃) ရက်အတွင်း စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးခဲ့သည့် ကျားဖြန့်ရုံများမှ တရုတ်နိုင်ငံသား အမျိုးသား (၂၇) ဦးနှင့် အမျိုးသမီး (၂) ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး (၁၈) ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၂၉) ဦး၊ စုစုပေါင်း (၈၁) ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဘက်မှ ဖေဖော်ဝါရီ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

၎င်းဖမ်းဆီးရမိသူများကို စစ်ကောင်စီဘက်မှ တရားစွဲဆို အရေးယူရန် စစ်ဆေးလျက်ရှိပြီး ဗီယက်နမ်နှင့် တရုတ်နိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ (၅) ရက်တွင် မိုင်းရယ်မြို့နယ် မိုင်းဟဒေသရှိ နောင်ဟန်ကျေးရွာအနီးကို စစ်ကောင်စီတပ်က တိုက်ပွဲဖော်ဆောင်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကျားဖြန့်လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ကျားဖြန့်လုံခြုံရေး (၅) ဦး၊ သေနတ်အပါအဝင် လက်နက်မျိုးစုံ (၆) လက်နှင့် အလောင်း (၂) လောင်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် အဆောက်အဦး (၇) လုံးရှိ ကျားဖြန့်လုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ (၂၆၀) လုံး၊ ကွန်ပျူတာ (၁၂၀) ခန့်၊ Star Link ဝိုင်ဖိုင်စက် (၇) စုံ၊ ငါးဂိမ်းစက် (၅) လုံး၊ မီးစက်နှင့် ကား (၃) စီးတို့ကို ဖမ်းဆီးရမိကြောင်း ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တို့တွင် ‘ဝ’ တပ်ဖွဲ့ UWSA ၊ သျှမ်းတပ် SSPP/SSA ၊ ကိုးကန့်တပ် MNDAA တို့လည်း တပ်စွဲထားပြီး အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း အများအပြား ဆက်လက်ကြီးထွားလျက်ရှိကာ ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...