မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ (UWSA) ကိုယ်စားလှယ်များသည် စစ်အုပ်စုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေသည်။
ဩဂုတ်လ ၂ ရက်နေ့ တွင် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ၏ ထိပ်ပိုင်းခေါင်း ဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေကြောင်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
မြောက်ပိုင်းမဟာမိတ်တပ်များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က “ဒီနေ့ NSPNC နဲ့ UWSA တွေ့ဖို့ ရှိတယ်လို့တော့ သိထားတယ်။ ဘယ်သူတွေ သွားတက်ပြီး အသေးစိတ် ဘာဆွေးနွေးလဲ ဆိုတာတော့ မသိသေး ဘူး” ဟု ပြောသည်။
‘ဝ’တပ်ဖွဲ့ (UWSA) ကိုယ်စားလှယ်များ နေပြည်တော်သို့ သွားရောက်ကာ NSPNC နှင့် တွေ့ဆုံဆွေးနွေးမည့် အခြေအနေနှင့် ပတ်သက်၍ ‘ဝ’ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် UWSA ဗဟိုဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်သည့် အဖွဲ့ဝင်များ ကိုယ်တိုင်သွားရောက်ကာ UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ညီနောင်မဟာမိတ်တပ်များ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တွင် ‘ဝ’တပ်ဖွဲ့ (UWSA) သည် တိုက်ရိုက် ပါဝင်ခြင်း မရှိသော်လည်း ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ရရှိခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့များကို လွှဲပြောင်း ရယူခဲ့ပြီးနောက် ဟိုပန်ခရိုင်အဖြစ် အဆင့်တိုးမြှင့်ကာ အုပ်ချုပ်ရေးယန္တရားများကို တည်ဆောက်လျက် ရှိသည်။
အလားတူ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် အခြားသော မြောက်ပိုင်းမဟာမိတ် (FPNCC) တပ်ဖွဲ့ဝင်များသည် လည်း စစ်တပ်လက်အောက်ခံ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန် ယခုဩဂုတ်လအတွင်း နေပြည်တော်သို့ ထပ်မံသွားရောက်မည်ဖြစ်သည်။
ထို့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့များထဲမှ ဦးဆောင်အဖွဲ့တစ်ဖွဲ့နှင့် NSPNC တို့လည်း သီးသန့်တွေ့ဆုံ ဆွေးနွေးရန် ရှိနေသည်။
ဇူလိုင်လ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ၎င်းတို့၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ဓါတ်ပုံ - ပုံဟောင်း







