ကွန်ဟိန်းမြို့နယ်တွင် စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ ငွေညစ်တောင်ခံနေ

ကွန်ဟိန်းမြို့နယ်တွင် စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ ငွေညစ်တောင်ခံနေ
ကွန်ဟိန်း မြို့အဝင်ဆိုင်ဘုတ်။
ကွန်ဟိန်း မြို့အဝင်ဆိုင်ဘုတ်။

သျှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်တွင် စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ၍ ငွေညစ်တောင်းခံနေကြောင်း သတင်းရရှိသည်။

ကွန်ဟိန်းမြို့‌ပေါ်တွင် စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ နှစ် နှစ်လည်လောက်မှစတင်၍ ပြည်သူ့စစ်မှုထမ်းရန် ငွေကြေးကောက်ခံသည့်အပြင် စစ်အသုံးစရိတ်ဟု ခေါင်းစဉ်တပ်ကာ ငွေညစ်‌တောင်းခံမှုများ ပြုလုပ်နေကြောင်း ကွန်ဟိန်းမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က စစ်အသုံးစရိတ်တွေလို့ပြောပြီး ကောက်နေတာ။ ကျမတို့က ၃ သောင်းထည့်ရတယ်။ လတိုင်းလိုလိုကို ကောက်လာခဲ့တာ။ တစ်အိမ်နဲ့တစ်အိမ်ကလည်း မတူပြန်ဘူး။ အချို့အိမ်တွေကလည်း ၇ သောင်းလောက် ထည့်ရတယ်။ တစ်လတစ်လကို သူတို့အသုံးစရိတ်တွေ စစ်မှုထမ်းကိစ္စတွေကော အဲ့လိုတွေ လတိုင်းထည့်နေရတာ” ဟု ကွန်ဟိန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ နိုင်ငံရေးမတည်ငြိမ်သည့်အပြင် တဖက်တွင်လည်း ကုန်ပစ္စည်းဈေးနှုန်းများတက်နေပြီး ယခုကဲ့သို့ စစ်ကောင်စီမှ အကြောင်းအမျိုးမျိုးပြ၍ ငွေညစ်တောင်းခံနေသည့်အတွက် ဒေသခံများ အခက်အခဲကြုံတွေ့နေရကြောင်း ကွန်ဟိန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆက်‌ဆိုသည်။

“လတိုင်းပဲ သူတို့လာကောက်ရင် ပေးနေရတာ မတက်နိုင်ဘူး။ အလုပ်နဲ့ ဝင်ငွေတွေက သိပ်မရှိတော့ အိမ်တိုင်းလိုလိုကို ငြီးနေကြရတယ်။ တချို့ အိမ်မှာမရှိတာတောင် ထည့်ရတယ်။ တစ်လတစ်လကို ၁ သိန်းကျော်လောက် ထည့်နေရတာကို” ဟု ၎င်းကပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း စစ်ကောင်စီလက်အောက်ခံ နယ်မြေမှူးမှ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS / SSA) အတွက်ဟု နာမည်ခံပြီး ကျပ်ငွေ ၃ သောင်းမှ ၅ သောင်းဝန်းကျပ်အထိ ကောက်ခံမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီတွေ ဒီလို စစ်မှုထမ်းဖို့၊ စစ်အသုံးစရိတ်တွေအတွက် ဆိုပြီး ငွေကောက်နေတဲ့ ကိစ္စတွေနဲ့ပတ်သတ်ရင်တော့ ကျနော်တို့ RCSS နဲ့ သက်ဆိုင်မှုက လုံးဝမရှိပါဘူးဗျ။ ဘာမှ ပတ်သက်မှုလည်း မရှိပါဘူး။ ပြည်သူ့တွေ မပေးမှာကြောက်လို့ ကျနော်တို့ရဲ့ နာမည်ကိုသုံးပြီး ကောက်တာလားတော့ မပြောတက်ပါဘူး” ဟု RCSS ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကွန်ဟိန်းမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ၎င်းဒေသတွင် စစ်ကောင်စီတပ်၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းတပ်မတော် (RCSS / SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ သွားလာလှုပ်ရှားနေကြောင်း သိရသည်။

January 21, 2026
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား...
January 19, 2026
စိုင်းဟန်လင်း —ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို...
January 17, 2026
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး...
January 16, 2026
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့်...