အာဏာသိမ်းနောက်ပိုင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံရ

အာဏာသိမ်းနောက်ပိုင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံရ
(ဓာတ်ပုံ - AP)
(ဓာတ်ပုံ - AP)

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၄၃ ဦးမှာ ထောင်တွင်း အကျဉ်းချခံထားရဆဲဖြစ်သည်ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထုတ်ပြန်သည်။

အကျဉ်းကျခံနေရသူများအနက် ထောင်ဒဏ် တသက်တကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ် (၁၀ နှစ်အထက်) ကျခံနေရသူ ၁၁ ဦး ပါဝင်ပြီး ကျန်သတင်းသမားများမှာ အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်အတွင်း ကျခံနေရဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်ချက်တွင် ဆိုထားသည်။

“လောလောဆယ် ဖမ်းဆီးထောင်ချခံထားရတဲ့ ကိုယ့်နိုင်ငံထဲက သတင်းသမားတွေအတွက်ကတော့ အရေးပေါ်အနေနဲ့ လောလောဆယ် နိုင်တဲ့ဖက်ကနေ လုပ်နေတယ်ပေါ့။ တဖက်မှာလည်း အဲဒီအပိုင်းတွေကို ပိုပြီးတော့ လုပ်သွားနိုင်အောင်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သတင်းသမားပဲ မဟုတ်ဘူး။ တချို့ သတင်းသမားတွေက သူတို့ မိသားစုဝင်ကအစ အခက်အခဲတွေရှိတယ်” ဟု IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက ပြောသည်။

“အပြည့်အဝကြီး အကူအညီမပေးနိုင်သေးသည့်တိုင်အောင် IPCM အနေနဲ့ကတော့လည်း အရေးပေါ် အကူအညီလေးတွေကိုလည်း ကျန်တဲ့ ကူညီထောက်ပံ့နိုင်တဲ့ အစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ အဲဒါတွေ လုပ်ဆောင်နေကြတာ ရှိပါတယ်” ဟု ဆက်ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးခံ သတင်းသမားများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ ပုဒ်မ ၁၂၄-က၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ ပုဒ်မ ၅၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၇ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မများဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

ယင်းတို့အနက် ၅၀၅-က၊ ၅၀၅-ခ နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများကို စစ်ကောင်စီက အများဆုံး အသုံးပြု၍ ဖမ်ဆီးထောင်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နန်းဖော့ဂေက “IPCM အနေနဲ့က လောလောဆယ် ဘဏ္ဍာရေး တောင့်တင်းခိုင်မာမှု မရှိတဲ့အခါကျတော့ အဖွဲ့ဝင်မှ မဟုတ်ဘူးပေါ့နော် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သတင်းသမားတွေ၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေအတွက် အရေးပေါ် ရံပုံငွေအပိုင်းတွေ စဉ်းစားထားတာ ရှိတယ်။ လုပ်ဆောင်သွားနေတာလည်း ရှိတယ်။ ဒါပေမယ့်လည်း ပြည့်ဝတဲ့ဟာတော့ မဟုတ်ဘူး” ဟု ပြောသည်။

“အတတ်နိုင်ဆုံး ကိုယ်ချည်းပဲမဟုတ်ဘဲနဲ့ တခြား မိတ်ဖက် အစုအဖွဲ့တွေလည်း ဝိုင်းဝန်းပြီးမှ လုပ်ဆောင်သွားရမယ့် ဟာမျိုးပေါ့နော် အဲလိုမျိုး ကြိုးစားသွားမယ်” ဟု ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် သတင်းသမားဦးရေ အနည်းဆုံး အယောက် ၃၀ မှ အများဆုံး အယောက် ၆၀ အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

လတ်တလော IPCM အနေဖြင့် ဖမ်းဆီးခံ သတင်းသမားများအတွက်သာမက လုံခြုံရေးအခြေအနေအရ ပြည်တွင်းမှ ပြည်ပသို့ ပြောင်းရွှေ့လာသည့် သတင်းသမားများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ကူညီပေးမှုများ လုပ်ဆောင်လျက်ရှိသည်။

လက်ရှိ ပြည်တွင်း၌ ရပ်တည်နေရသော သတင်းသမားများအနေဖြင့် မြေပြင်တွင် တစ်စုံတစ်ရာ အကြမ်းဖက်ခံရမှု၊ ဖမ်းဆီးခံရမှုများ ရှိပါကလည်း IPCM ၏ Email၊ အဖွဲ့ဝင် သတင်းမီဒီယာတိုက်၊ အဖွဲ့ဝင် သတင်းသမားများထံမှတဆင့် ဆက်သွယ်တိုင်ကြားနိုင်သည်ဟုလည်း ဆိုထားသည်။

August 27, 2026
ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲခံထားရသည့် နေရာအနီးဝန်းကျင်ရှိ သီးနှံ၊ အစား...
ဓာတ်ပုံ - Crd
August 27, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်း အစပ်ရှိ ရွှေကူနှင့် ကသာမြို့နယ်များတွင် စစ်အုပ်စုတပ်၏...
August 26, 2026
နယ်မြေစိုးမိုးရေးနှင့် ပိတ်ဆို့ရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို...
August 26, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တပ်က အင်အား ရာချီ...