ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ်တွင် ကားထောင်ချီပိတ်မိနေ

ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ်တွင် ကားထောင်ချီပိတ်မိနေ

ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ်တွင် ပိတ်မိနေသည့် ကားတန်း။

သျှမ်းပြည်တောင်ပိုင်း၊ ကလော-သာစည် လမ်းပိုင်း စစ်ကောင်စီ ကျွဲတပ်ဆုံဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေသောကြောင့် ကားထောင်ချီ ပိတ်မိနေသည်ဟု ခရီးသွားများထံမှ သိရသည်။

စစ်ကောင်စီတပ်သားများသည် လုံခြုံရေးအကြောင်းပြပြီး အိမ်စီးကားနှင့် ကုန်တင်ကားများကို X-Ray စက်ဖြင့် စစ်ဆေးနေကာ ခရီးသွားများကိုလည်း လမ်းလျှောက်ဆင်းခိုင်းပြီး အစစ်ဆေးခံရသည်ဟု ကိုယ်တိုင်ကြုံတွေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ စစ်ဆေးနေမှုကြောင့် အိမ်စီးကားတစ်စီးကို အနည်းဆုံး (၃) နာရီအထိ ကြာမြင့်ပြီး ကုန်တင်ကားဆိုလျှင် ၂ ရက်မှ ၃ ရက်အထိ အချိန်ကြာြမင့်စွာ စောင့်ဆိုင်း အစစ်ဆေးခံနေရသည်ဟု ကုန်တင်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။

“လက်နက်တွေ ပါလာလားလို့ စစ်ဆေးတာနေမှာပေါ့။ အကြာကြီးစောင့်ခဲ့ရတာ။ ပါလာတဲ့ ကုန်စိမ်းတွေလည်း တချို့ဆို ပုတ်ကုန်တယ်။ ထမင်းတောင်ငတ်တယ်။ သျှမ်းပြည်ဘက်ကနေ ဆင်းတဲ့ကားဆို ပိုစစ်တယ်” ဟု ကုန်စည်ပို့ဆောင်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်က ကုန်တင်ကားများ ထိုဂိတ်ဖြတ်ရာတွင် အချိန်အနည်းငယ်မျှသာ ပေးရသော်လည်း ယခုကာလတွင် ရက်ပိုင်းမျှ အချိန်ပေး အစစ်ဆေးခံနေရသောကြောင့် ခရီးသွားများအတွက် ပို၍အဆင်မပြေဖြစ်ရကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ထို့အပြင် အကြောင်းအမျိုးအမျိုးဖြင့် ကျွဲတပ်ဆုံဂိတ်ကို ဖြတ်ရမည့် ပြည်သူများအနေဖြင့် အထားမခံသည့် ကုန်ပစ္စည်းများကို သယ်ဆောင်ရန်မသင့်ကြောင်း ခရီးသွားအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မဖြစ်မနေ အဲဘက်ကို ခရီးသွားရမယ်ဆိုရင်တော့ အထားမခံတဲ့ ပစ္စည်းတွေကို မယူသွားတာ ကောင်းတယ်။ ဖုန်းထဲမှာလည်း နိုင်ငံရေးနဲ့ပတ်သက်တာတွေ ရှင်းထားသင့်တယ်။ တခါတလေ ဖုန်းယူစစ်တတ်တယ်။ သူတို့ကို ကြောက်တဲ့ပုံဆို ပိုခြောက်တယ်” ဟု အဆိုပါအမျိုးသားက ဆိုသည်။

ကျွဲတပ်ဆုံဂိတ်သည် သျှမ်းပြည်တောင်ပိုင်းနှင့် မန္တလေးတိုင်းကို ဆက်သွယ်ထားပြီး ကလော-သာစည် လမ်းပိုင်းတွင် တည်ရှိသည်။

ယခုလက်ရှိတွင် ခရီးသွားများအနေဖြင့် စမတ်ကဒ်၊ ရပ်ကွက်ထောက်ခံစာနှင့် မှတ်ပုံတင်များကို စစ်တပ်စစ်ဆေးရေးဂိတ်တိုင်းတွင် ပြပြီးမှ ဖြတ်သန်းနေရသည်ဟု ခရီးသွားများက ပြောသည်။

ဆက်လက်ပြီး တိုက်ပွဲ ဖြစ်ပွားရာ နေရာဒေသမှ ပြည်သူများကို ပို၍ စစ်ဆေးနေပြီး ထိုဒေသမှ ပြည်သူများအနေဖြင့် စစ်ကောင်စီကို ငွေအမြောက်အများ လာဘ်ထိုးနိုင်မှသာ ဖြတ်သန်းခွင့်ရသည်ဟု သိရသည်။

Most read this week

August 5, 2026
‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်...
August 4, 2026
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ (UWSA) ကိုယ်စားလှယ်များသည် စစ်အုပ်စုနှင့်...
August 3, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းသို့ စစ်တပ်က နေ့စဉ် အင်အားဖြည့်တင်းလျက်ရှိပြီး အရပ်သား...
August 1, 2026
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ်က ထိန်းချုပ်လာပြီးနောက်ပိုင်း...