ကျောက်ဂူဒေသ သူခိုးစစ်ကြောင်း နာမည်ကြီးနေ

ကျောက်ဂူဒေသ သူခိုးစစ်ကြောင်း နာမည်ကြီးနေ

သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ ရွာအတွင်းရှိ နေအိမ်များကို ဖောက်ထွင်းခိုးယူသွားသဖြင့် ယင်းစစ်ကြောင်းအား ဒေသခံများက ‘သူခိုးစစ်ကြောင်း’ ဟု နာမ်စားသုံး ရည်ညွှန်းပြောဆိုနေကြကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ကျောက်ဂူဒေသတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်ကစတင်၍ စစ်ကြောင်းထိုးရာ ကျေးရွာအတွင်း လူနေအိမ်များ၊ ဆိုင်များအား ဖောက်ထွင်းခိုးယူ၍ ကျေက်ဂူဒေသအခြေစိုက် အမတ (၃၄၉) အမြောက်တပ်အတွင်း သယ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

“စိတ်ကြိုက် မွှေပြီး ခိုးသွားတာ။ မသယ်နိုင်တဲ့ဟာတွေ ဖျက်ဆီးခဲ့တာ။ သူခိုးတွေ၊ အိမ်အများကြီး အဖောက်ခံရတယ်။ တခြားအဖွဲ့တွေ အဲလိုမခိုးဘူး။ သူတို့ပဲ၊ အဲ့ကြောင့် သူခိုးစစ်ကြောင်းလို့ ခေါ်တာ” ဟု ဒေသခံတဦးက ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကစ၍ ကျောက်ဂူဒေသတွင် စစ်ကောင်စီနှင့် ဓနုတပ် (DPLF) တိုက်ပွဲပြင်းထန်ခဲ့ရာက ကျောက်ဂူတိုက်နယ် ဒေသခံများ ထွက်ပြေးနေစဥ် ဇန်နဝါရီ ၁၆ ရက်နေ့၌ စစ်ကောင်စီ လေကြောင်းမှ ဗုံး ၅၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းသို့ ဗုံးကြဲချမှုကြောင့် ကျောက်ဂူရွာအတွင်း အိမ်စောင့်ကျန်ခဲ့သူများပါ ထွက်ပြေးခဲ့ရပြီးနောက် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ကာ ပြည်သူနေအိမ်နှင့် ဈေးဆိုင်များအား စိတ်ကြိုက် ဖောက်ထွင်းခိုးယူသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“သွားကြည့်တဲ့လူက ပြောတယ်၊ ခိုးသွားတာ တရွာလုံး ဘာမှမကျန်ဘူးတဲ့။ မနက်ဖြန်လောက် ပြန်ကြည့်မလား စဥ်းစားနေတာ၊ ခိုးလို့ဝပြီဆိုတော့ ထပ်မလာလောက်တော့ဘူး ထင်တယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဗုံးကြဲပြီးနောက် ကျောက်ဂူဒေသသို့ စစ်တပ်စစ်ကြောင်း ဝင်ရောက်ခဲ့ရာက ယနေ့အထိ တိုက်ပွဲများ ငြိမ်သက်နေပြီး ရွာအတွင်းမှ သူခိုးစစ်ကြောင်း ပြန်ထွက်သွားသဖြင့် စစ်ဘေးရှောင်ဒေသခံများ နေအိမ်ပြန်ရန် ပြင်ဆင်နေကြကြောင်းလည်း သိရသည်။

သျှမ်းတောင်နှင့် သျှမ်းမြောက်ဆက်သွယ်ရာ စစ်ရေးအရ အချက်အခြာကျသည့် ကျေက်ဂူဒေသတွင် သျှမ်းတပ် ၂ ခုဖြစ်သည့် SSPP နှင့် RCSS သာမက ပအိုဝ်းပြည်သူ့စစ် PNO တို့ လှုပ်ရှားနေပြီး လက်ရှိ အသစ်ဖွဲ့စည်းထားသည့် ဓနုတပ် (DPLF) လည်း လှုပ်ရှားနေသည်။

နာမည်ကျော် တိုက်ပွဲဖြစ်ပွားနေသည့် နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာနှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည့် ကျောက်ဂူဒေသတွင် စစ်ကောင်စီ စစ်ကြောင်းများကို DPLF က ကြားဖြတ်တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသခံများ စစ်ဘေးလွတ်ရာ ထွက်ပြေးနေရခြင်း ဖြစ်သည်။

April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...