စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၂၅၇ ဦး သေဆုံး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၂၅၇ ဦး သေဆုံး

မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၂၅၇ ဦး ထိခိုက်သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ ( BWU) က ပြောသည်။

မြန့်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ကောက်ယူရရှိသည့် အချက်အလက်အရ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ရာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၂၅၇ ဦး သေဆုံးခဲ့ပြီး ၁၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု (BWU) က ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီးအများဆုံး ထိခိုက်သေဆုံးခဲ့ရသည့် အခြေအနေနှင့်ပတ်သက်၍ (BWU) ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး - ၂ ဒေါ်ယဉ်မျိုးလှိုင်က ယခုကဲ့သို့ ပြောသည်။

“ဒီနောက်ပိုင်းမှာဆိုရင် အများစု ဥပဒေ၊ ထုတ်ပြန်ကြေညာချက်တွေ၊ Military service law (စစ်မှုထမ်းဥပဒေ) တွေပေါ့နော်။ အဲ့တာတွေ  ထုတ်ပြန်ချက်တွေလည်းရှိတော့ အများစု ရွာတွေမှာ ကျန်ရှိနေတာက သက်ကြီးရွယ်အို အမျိုးသမီးတွေရှိမယ်။ အမျိုးသမီးငယ်တွေ ရှိမယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီမှာဆိုလို့ရှိရင် လေယာဉ်ဗုံးကြဲတာ လက်နက်ကြီး ပစ်ခတ်တာတွေက ရွာတွေကို အများဆုံး ပစ်မှတ်ထားတာဖြစ်တယ်ပေါ့ နော်။ ဆိုတော့ ဒီလို တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေ သေဆုံးမှု ပိုများတယ်လို့ မှတ်ချက်ပေးချင်တာပေါ့နော်”

ထို့အတူ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အမျိုးသမီး ၁၄၂ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၆၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၇ ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြောင့် ၆ ဦးနှင့် မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)  မှ သေဒဏ်ပေးမှုကြောင့် ၁ ဦးတို့ သေဆုံးခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် အမျိုးသမီး ၄၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၉၁ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၅၂ ဦး၊ မတရား သတ်ဖြတ်ခံရမှုကြောင့် ၁၀ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄၂ ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁၂ ဦးနှင့် အကြမ်းဖက်စစ်အုပ်စု၏ အကျဉ်းထောင်တွင်း နှိပ်စက်မှုများကြောင့် ၅ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်သည့်နေရာများ၊ ကျေးရွာများကို လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည့်အပေါ် မွန်ပြည် လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ (MSHN) က မိဆောင်းကလည်း ယခုကဲ့သို့ ပြောသည်။

“တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ နေရာတွေမှာ သူတို့ ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ဖျက်ဆီးလိုက်ခြင်းဖြင့် တခြားနယ်မြေက ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေကို သွေးခွဲလို့ရတယ်လေ။ တော်လှန်ရေးအင်အားစုတွေကို ပေးနေလို့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရတာဆို‌တဲ့ ကြောက်စိတ်သွင်းတာ။ အခုလို ပြည်သူတွေအပေါ် လေကြောင်းနဲ့တိုက်ခိုက်ပြီး လူ့အခွင့်အရေးချိုးဖေါက်နေတယ်ဆိုတာကို သိချင်မှ သိပါလိမ့်မယ်”

တစ်နှစ်တာအတ္ငင်း သေဆုံးခဲ့ရသည့် အမျိုးသမီးဦးရေမှာ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၀၉ ဦး၊ ရှမ်းပြည်နယ်မှ ၉၂ ဦး၊ ရခိုင်ပြည်နယ်မှ ၈၃ ဦးနှင့် မန္တလေးတိုင်းဒေသကြီး မှ ၆၇ ဦးတို့ဖြစ်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်သည်ဟု BWU က ဆိုသည်။

နိုင်ငံတစ်ဝှမ်း အမျိုးသမီး ထိခိုက်သေဆုံးမှု အရေအတွက်သည် မြေပြင်တွင် ယခုထက် ပို၍များနိုင်သည်ဟုလည်း (BWU) ၏ ထုတ်ပြန်ချက်က ဆိုသည်။

Most read this week

AA Info Desk (ပုံဟောင်း)
January 21, 2026
မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏...
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် (ဖားကန့်မြို့နယ်)
January 20, 2026
မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး...
January 19, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်း ၈၀...
January 16, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဒုတိယပိုင်းအတွင်း မဲရုံများနှင့် အုပ်ချုပ်ရေးရုံးများ...