ပြည်သူ့စစ်ဝင်ရောက်ရန် မက်လုံးပေးခေါ်ယူ

ပြည်သူ့စစ်ဝင်ရောက်ရန် မက်လုံးပေးခေါ်ယူ
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ပေါ်တွင် ပြည်သူ့စစ်အဖွဲ့ ဝင်ရောက်ရန်အတွက် ငွေကြေးပေး၍ ခေါ်ယူနေကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ဆက်စပ်အဖွဲ့အစည်းများက ပြည်သူ့စစ်အဖွဲ့ဝင်အနေဖြင့် ဝင်ရောက်လုပ်ကိုင်လိုသူများကို တစ်နေ့ ထိုင်းဘတ် ၂၀၀ နှုန်းဖြင့် တစ်လလျှင် ဘတ် ၆,၀၀၀ ရရှိသွားမည်ဖြစ်သည့်အပြင် ဆန်တစ်အိတ်နှင့် ဆီတစ်ဘူးလည်း ပေးသွားမည်ဖြစ်ကြောင်း ပြောဆို၍ ခေါ်ယူနေခြင်းဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “အရင်တုန်းကတည်းက ပြည်သူ့စစ်မှာ လစာရှိပြီးသားပါ၊ စစ်တပ်က ပိုက်ဆံပေးရုံမကပဲ ဆန်တွေရော ဆီတွေပါ ထောက်ပံ့ပေးပြီး ထပ်ခေါ်တာမျိုးပါ၊ အသိတစ်ယောက်လည်း ဝင်လုပ်နေတာ မိသားစုက စိတ်ပူပြီး မလုပ်စေချင်ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ လစာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ ခေါ်ယူနေခြင်းကြောင့် အလုပ်အကိုင်ရှားပါးလာသည့် မောတောင်မြို့မှ ကုန်တင်ကုန်ချ အလုပ်သမားအချို့ ပြည်သူ့စစ်အနေဖြင့် ဝင်ရောက်လုပ်ကိုင်မှုများ ရှိလာနေသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် ပြည်သူ့စစ်အဖွဲ့ဝင်အသစ်အဖြစ် ဝင်ရောက်ပြီး သင်တန်းတက်နေသူ အယောက် ၃၀ ခန့်ရှိနေကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

တနင်္သာရီ - မောတောင် ကားလမ်းပိုင်းဖြစ်သည့် ရေဖြူ၊ ထုံခါ၊ ချောင်းနှစ်ပေါက်နှင့် သိန်ခွန်းကျေးရွာများတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တတိယပတ်ခန့်မှစတင်၍ စစ်ကောင်စီနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး ကားလမ်းကိုလည်း ပိတ်ထားသည်။

တိုက်ပွဲများကြောင့် ကားလမ်း ပိတ်ချခဲ့ရပြီးနောက် ထိုင်းဘက်သို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်ကားများ သွားလာ၍ မရတော့သည့်အတွက် မောတောင်မြို့ရှိ ကုန်တင်ကုန်ချလုပ်ငန်းများတွင် အဓိက ဝင်ရောက်လုပ်ကိုင်နေကြသည့် လူငယ်၊ လူရွယ်များမှာ အလုပ်အကိုင် ရှားပါးလာကြခြင်း ဖြစ်သည်။

ထိုသို့ အလုပ်အကိုင် ရှားပါလာသည့်အတွက် အချို့မှာ ပြည်သူ့စစ်အဖွဲ့ထဲသို့ ဝင်ရောက်ကာ လုပ်ကိုင်နေကြခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

လတ်တလောတွင် ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေကြသူများမှာ ဆန်နှင့်ဆီကို ရရှိကြသော်လည်း လစာဘတ် ၆,၀၀၀ ကိုမူ မရရှိကြသေးဘူးဟု ပြည်သူ့စစ်သင်တန်းတက်နေသူများနှင့် နီးစပ်သူအချို့က ပြောသည်။

လက်ရှိတွင် ပြည်သူ့စစ်အဖွဲ့ဝင် အသစ်အနေဖြင့် ဝင်ရောက်လုပ်ကိုင်နေကြသူများကို အခြေခံစစ်သင်တန်း ပေးနေပြီး မောတောင်မြို့အဝင် ဘုရားတောင်ရှိ စစ်ကောင်စီက တပ်စွဲထားသည့် နေရာများတွင် ကင်းစောင့်၊ ဂိတ်စောင့်နှင့် ကတုတ်ကျင်းတူးသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ပေးနေရကြောင်း  မြို့ခံများက ဆိုသည်။

ကုန်တင်ကုန်ချ အလုပ်သမားများအား ကုန်တင်ကုန်ချအလုပ်ကို ဆက်လက်လုပ်ကိုင်လိုပါက အလှည့်ကျ ပြည်သူ့စစ်သင်တန်းကို မဖြစ်မနေ တက်ရောက်ရမည်ဟု ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်ကလည်း မောတောင်မြို့ ပြည်သူ့စစ်အဖွဲ့က ဖိအားပေးခဲ့ခြင်းမျိုး ရှိခဲ့သေးသည်။

မောတောင်မြို့သည် ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရိုင်၊ ပရာကျွတ်မြို့နယ်၊ ဒန်းဆင်းခွန်ကျေးရွာရှိ ဆင်းခွန်နယ်စပ်ဂိတ်နှင့် နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ဂိတ်ရှိရာ မြို့လည်း ဖြစ်သည်။

AA Info Desk (ပုံဟောင်း)
January 21, 2026
မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏...
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် (ဖားကန့်မြို့နယ်)
January 20, 2026
မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး...
January 19, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်း ၈၀...
January 16, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဒုတိယပိုင်းအတွင်း မဲရုံများနှင့် အုပ်ချုပ်ရေးရုံးများ...