မြိုင်ကလေး ဘိလပ်မြေစက်ရုံ ကျောက်မီးသွေး အသုံးပြုမှုမြင့်မား၊ ဆိုးကျိုးများကို မပြောဆိုရဲဖြစ်နေ

မြိုင်ကလေး ဘိလပ်မြေစက်ရုံ ကျောက်မီးသွေး အသုံးပြုမှုမြင့်မား၊ ဆိုးကျိုးများကို မပြောဆိုရဲဖြစ်နေ

ဖားအံမြို့နယ်၊ သံလွင်မြစ် အနောက်ဘက်ကမ်းရှိ စစ်တပ်ပိုင် မြိုင်ကလေး ဘိလပ်မြေစက်ရုံ နှစ်ရုံ၌ ကျောက်မီးသွေးလောင်စာအသုံးပြုမှု မြင့်မားလာပြီး ပတ်ဝန်းကျင်ဘေးထွက်ဆိုးကျိုးအပေါ် ကန့်ကွက်မပြောဆိုရဲ ဖြစ်နေသည်ဟု ဒေသခံပြည်သူများက ပြောသည်။

မြိုင်ကလေး ဘိလပ်မြေစက်ရုံ၌ ၂၀၁၈ ခုနှစ်ကတည်းကစ၍ ဒေသခံတို့၏ သဘောထားကို ရယူခြင်းမရှိဘဲ ကျောက်မီးသွေးလောင်စာသုံးလည်ပတ်နေပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်မီးသွေးအသုံးပြုမှု ပိုမိုမြင့်တက်လာသည်ဟု အမည်မဖော်လိုသူ မြိုင်ကလေး ဒေသခံတစ်ဦးက ပြောသည်။

“NLD အစိုးရလက်ထက်တုန်းကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ ဝင်စစ်တာတွေရှိတော့ သူတို့ အများကြီး မထုတ်လုပ်ဘူး။ အခုက အရမ်းဆိုးတယ်။ ညနေပိုင်းဆိုရင် စက်ရုံကထွက်တဲ့ အငွေ့တွေက မဲနေတာပဲ။ အခုတော့လူထုက မခံနိုင်လည်း အရင်လို ကန့်ကွက် ဆန္ဒထုတ်ဖော်လို့လည်းမရဲဘူး။ သူတို့လည်း အရမ်းကိုထုတ်တယ် ဒီလိုပဲခံနေရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဘိလပ်မြေစက်ရုံလည်ပတ်ရန်အတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအားအတွက် ကျောက်မီးသွေး အသုံးပြုနေခြင်းဖြစ်သည်။

ထို့အတွက် ကျောက်မီးသွေးကုန်ကြမ်းများကို ဖားအံမြို့အဝင် သံလွင်မြစ်ကူးတံတားအနီးရှိ ဖိုးရှိုးဆိပ်ကမ်းမှတစ်ဆင့် ကျေးရွာချင်းဆက်လမ်းမှ ကားနှင့် သယ်ဆောင်လာခြင်းဖြစ်သည်။ ကားနှင့်သယ်ဆောင်ချိန်တွင် လမ်းတလျှောက် ပြည်သူများ အိမ်ရှေ့တို့တွင် ကျောက်မီးသွေးမှုန်များ ဖိတ်ကျနေမှုများ ဖြစ်ပေါ်နေသည်ဟု အမည်မဖော်လိုသူ အခြေား ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ကျောက်မီးသွေး အမှုန်၊ အခဲတွေက သယ်လာတဲ့လမ်းတစ်လျှောက်မှာ တစ်လမ်းလုံးဖိတ်ကျတယ်။ အရမ်းများတယ်၊ သူတို့ လာပြီးကလော်တာရှိတယ်။ ဒါပေမယ့်အမှုန်အခဲတွေက မကုန်ဘူးလေ၊ တစ်လမ်းလုံးက မဲတယ်။ မိုးတွင်းဆိုရင် မိုးရေနဲ့အတူ အင်း၊ အိုင်တွေထဲ၊ လယ်တွေထဲ ပြန်ဆင်းသွားတယ်။ အန္တရာယ်များတယ် အနံ့လည်းဆိုးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကျောက်မီးသွေးဖိတ်ကျသည့်အတွက် လမ်းတစ်လျှောက်ရှိ ဖိုးရှိုး၊ ကျွန်းတော၊ ရေကျော်၊ ရွာလေး၊ စသည့် ကျေးရွာများရှိလူထုများ ခံရသည့်အပြင် ဘိလပ်မြေစက်ရုံရှိ ထွက်ရှိသည့် အခိုး၊ အငွေ့ အမှုန်များကြောင့် မြိုင်ကလေး၊ လှာကာ ဇရပ်ဖြူ စသည့် အနီးဝန်းကျင် ကျေးရွာများရှိ ပြည်သူတို့ နေစဉ်ခံစားရလျက်ရှိသည်။

အကျိုးဆက်အနေဖြင့် ကျောက်မီးသွေးအမှုန်၊ ဘိလပ်မြေစက်ရုံအမှုန်ကြောင့် ထိုဒေသအတွင်းရှိ ဒေသခံပြည်သူများသည် သန့်ရှင်းသည့် လေများကို မရှုရသလို ကလေး၊ လူကြီးအများအပြား အဆုတ်နှင့်ပတ်သက်သည့် ရောဂါများ ဖြစ်ပွားမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

၂၀၁၈ ခုနှစ်တွင် ကျောက်မီးသွေးလောင်စာနှင့် စတင်လည်ပတ်သည့် ထိုမြိုင်ကလေး ဘိလပ်မြေစက်ရုံသည် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဘိလပ်မြေစက်ရုံ အနီးဝန်းကျင် မြိုင်တောင်တစ်ခွင်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ အင်း၊ အိုင်၊ ရေတွင်းများ ရေအရောင်ပြောင်းလဲလာပြီး ရေမည်းလာသည့် ပြဿနာများကို စတင်ကြုံတွေ့ခဲ့ဘူးသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ မိုးရာသီကုန်ချိန်တွင် ရေများ အမဲရောင်မဖြစ်တော့ဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်လာကာ လက်ရှိအချိန်တွင် ထိုဒေသရှိ ရေတွင်းများကို ဒေသခံတို့ ပြန်လည်သောက်သုံးမှုများရှိသော်လည်း အများစုက ရေသန့်ဝယ်ယူ သောက်သုံးနေသည်ဟု ပြောသည်။

မြိုင်ကလေးတွင် စစ်ကောင်စီတပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း-MEC ၏ အမှတ် (၁)၊ တန် ၉၀၀ ဘိလပ် မြေစက်ရုံနှင့် အမှတ် (၂)၊ တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံ နှစ်ခုရှိသည်။

အမှတ် (၁)၊ တန် ၉၀၀ ဘိလပ်မြေစက်ရုံကို ၁၉၈၀ ပြည့်နှစ်မှ စတင်လည်ပတ်ခဲ့ပြီး အမှတ် (၂)၊ တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံကို ၂၀၀၁ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။

Most read this week

February 14, 2026
မောင်ကျော်စွာ (၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်) ဖေဖေါ်ဝါရီလထဲက အထိမ်းအမှတ်နေ့ရက်များအနက်...
Photo: BGF/ PC (ပုံဟောင်း)
February 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) ဒွယ်လိုးမြို့နယ်၊...
February 13, 2026
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါလေ၊ ‌‌မင်းလက်ပံနှင့်ဖလူးဒေသမှ တိုက်ပွဲကြောင့်...
February 12, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆၊ ဒူးပလာယာခရိုင်အတွင်း စစ်အုပ်စု၏...