ပုသိမ်တွင် တစ်ရက်လျှင် ၃ နာရီသာ လျှပ်စစ်မီးရ

ပုသိမ်တွင် တစ်ရက်လျှင် ၃ နာရီသာ လျှပ်စစ်မီးရ

ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု မြို့ခံများက ပြောသည်။

တစ်နေ့ကို ၃ ကြိမ် မီးပေးပြီး တစ်ခါမီးလာလျှင် ၁ နာရီကြာခန့်သာလာသဖြင့် ထမင်းဟင်း ချက်ပြုတ်ရန်ပင် လုံလောက်ခြင်းမရှိပဲ ထင်း၊ မီးသွေးနှင့် ဂက်စ်များကို အသုံးပြုနေကြရသည်ဟု ပုသိမ်မြို့၊ အမှတ် ၁ ရပ်ကွက်မှ အသက် ၅၀ ကျော်ခန့် အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှစတင်ကာ ဇန္နဝါရီလ ၇ ရက်နေ့အထိ တစ်နေ့လျှင် လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု မြို့ခံများက ပြောသည်။

ပုသိမ်မြို့ ကိုးဆုကျောင်းလမ်းမှ အသက် ၃၀ ကျော် လူငယ်တစ်ဦးက “New Year နေ့တုန်းကတော့ ဓါတ်အားချွတ်ယွင်းမှုတစ်ခုခုကြောင့် မီးပြတ်တယ်ထင်တာပေါ့။ အခုကတော့ တစ်ပတ်ကြာသွားပြီဆိုတော့ မီးပေးချိန် လျော့ချတာ သေချာသွားတယ်။ နှစ်သစ်မှာ မြန်မာပြည်‌သူတွေရဲ့ဘဝ ပိုညစ်သွားပေါ့” ဟု ပြောသည်။

မိတ္တူကူးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက တစ်နေ့ကို ၂၁ နာရီ လျှပ်စစ်မီးပြတ်သဖြင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ထိခိုက်ဆုံးရှုံးမှုများနေပြီး လုပ်ငန်းပါ ရပ်ဆိုင်းလိုက်ရသူများ ရှိလာနေပြီဟု ဆိုသည်။

လျှပ်စစ်ရုံးနှင့် နီးစပ်သူတစ်ဦးက “တစ်နေ့ကို ၃ နာရီပဲပေးမှာပါ။ ရေအားလျှပ်စစ် ဓါတ်အားစက်ရုံတွေနဲ့

ဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားထုတ် စက်ရုံတွေက ဓါတ်အားထုတ်လုပ်မှု အကြီးအကျယ် လျော့ကျနေတယ်။ အဲဒါကြောင့် လုံလောက်အောင် ဘယ်လိုမှ မပေးနိုင်တော့ဘူးလေ။ နွေရာသီရောက်ရင် ပိုဆိုးနိုင်သေးတယ်” ဟု ပြောသည်။

လျှပ်စစ်မီးရရှိချိန် လျှော့နည်းသွားသော်လည်း မီတာခမှာ လျှော့ကျသွားခြင်းမရှိဘဲ ယခင်အတိုင်းသာ ကောက်ခံနေသည်ဟု ဆိုကြသည်။

ဓါတ်အားခ ပိုပြီးပေးဆောင်နေခဲ့ရသူ ပုသိမ်မြို့ခံတစ်ဦးက “မီးပေးတဲ့အချိန်‌သာ နည်းသွားတာ။ မီတာခကတော့ တစ်ခါမှ လျော့သွားတယ်ဆိုတာ မရှိဘူး။ မီတာပုံးက ဓါတ်တိုင်ပေါ်မှာဆိုတော့ တောင်းတဲ့အတိုင်း ပေးနေရတာပဲ။ မီတာခ သိန်းကျော်လာလို့ တိုင်ပေါ်က မီတာပုံးကို အောက်ပြန်ချတာ ၅ သောင်းပေးရတယ်။ ယူနစ်တွေ ပိုမှတ်ထားတာပါဗျာ။ မနည်းဘူး။ ရုံးကိုသွားရှင်းမှ စာရင်းညှိပေးမယ်တဲ့ဗျာ” ဟု ပြောသည်။

တစ်နိုင်ငံလုံးတွင် တစ်ရက်လျှင် လျှပ်စစ်ဓါတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ် ရှိသော်လည်း ဓါတ်အားထုတ်လုပ်နိုင်မှုမှာ တစ်ရက်လျှင်  ၁၇၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးများ ပြတ်တောက်နေပြီး အလှည့်ကျ ဓာတ်အားပေးစနစ်ဖြင့် မီးပေးနေရမှုမှာ နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်ကို ၅၀ ရာခိုင်နှုန်းခန့်သာ ဓာတ်အားထုတ်လုပ်နိုင်ခြင်းကြောင့်ဖြစ်သည်ဟု စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဝန်ခံထုတ်ဖော်ပြောဆိုထားသည်။

ဓါတ်ပုံ - ပုံဟောင်း
May 25, 2026
ချင်းမြောက်ပိုင်းကို ပြန်ထိန်းချုပ်ထားသည့် စစ်တပ်သည် ချင်းတောင်ပိုင်းဝင်ပေါက် ကန်ပက်လက်မြို့ကို...
May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...