တိုက်ပွဲကြောင့် မြစ်ကြီးနား - မန္တလေး ကားလမ်း ပိတ်ထား

တိုက်ပွဲကြောင့် မြစ်ကြီးနား - မန္တလေး ကားလမ်း ပိတ်ထား

မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်း၊ ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေလို့ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဒီဇင်ဘာလ ၃၁ ရက်နေ့ကစတင်လို့ ကာကွယ်ရေးတပ်တွေဘက်က ပိတ်ထားခဲ့တာဖြစ်ပြီး ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေ ပိတ်မိနေတယ်လို့ ကားသမား အမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။

“PDF တွေက ပိတ်ထားတာပါ။ ဒီလိုကားလမ်းတွေ ပိတ်တာက ၃၁ ရက်နေ့က စပိတ်တာပေါ့။ ဒါပေမဲ့ ပိတ်ပိတ်ချင်းနေ့က ကားတွေက မနေ့က သွားလို့ရသွားပြီ။ ၁ ရက်နေ့ထွက်တဲ့ကားတွေနဲ့ ဒီနေ့ (ဇန်နဝါရီ ၂ ရက်နေ့) ထွက်တဲ့ကားတွေက ပိတ်မိနေတုန်း” လို့ ပြောပါတယ်။

မြစ်ကြီးနား – မန္တလေး လမ်းပိုင်းကို စတင်ပိတ်ပင်ခဲ့တဲ့နေ့က မြစ်ကြီးနား – မန္တလေး အဆင်းကားတွေကို သွားလာဖြတ်သန်းခွင့်ပေးခဲ့ပေမဲ့ ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ အဆင်းကား သွားလာခွင့်ကိုပါ ပိတ်လိုက်ပြီလို့ ပြောပါတယ်။

မြစ်ကြီးနား – မန္တလေးကို ဆင်းမယ့်ကားတွေ ကန့်ဘလူမြို့နယ် ပေကြီးရွာမှာ ပိတ်မိနေပြီး မန္တလေး – မြစ်ကြီးနားကို တက်မယ့်ကားတွေကတော့ ကန့်ဘလူမြို့နယ် ဇီးကုန်းလမ်းဆုံမှာ ပိတ်မိနေကြတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအင်အား ၃၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းဟာ ကန့်ဘလူမြို့နယ် ဇီးကုန်းလမ်းဆုံတစ်ဝှိုက်က ရွာတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကတည်းက စစ်ကြောင်းထိုး၊ နေအိမ် မီးရှို့ဖျက်ဆီးမှု၊  ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

“တိုက်ပွဲက ဇီးကုန်းလမ်းဆုံ၊ ပေကြီး အဲ့နားတောက်လျှောက်ပေါ့နော်။ စစ်ကြောင်းထိုးတယ်လို့လည်း ကြားတယ်။ ဒီနေရာတွေက PDF တွေထိုင်တဲ့နေရာ လမ်းက ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေတဲ့သဘောပေါ့။ တိုက်ပွဲဖြစ်နေတဲ့အချိန် ခဏပိတ် မဖြစ်ရင်သွားပေါ့။ လုံးလုံးပိတ်ထားတာတော့ မဟုတ်ဘူး“ လို့ အဲ့ဒီလမ်းပိုင်းက တိုက်ပွဲအခြေနေကို အထက်ပါကားသမားက ရှင်းပြပါတယ်။

မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လ ၁၆ ရက်နေ့ကစတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေ ကချင်နဲ့ စစ်ကိုင်းအစပ် မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေး စတင်ချိန်ကတည်းက လမ်းတွေ ပိတ်နေတာဖြစ်ပါတယ်။

သို့ပေမယ့် ကချင် စစ်ကိုင်း နယ်စပ်မှာတော့ အင်းတော်မြို့လမ်းပိုင်းကိုရှောင်ပြီး ကားအသေးတွေနဲ့ ခရီးသည်တစ်ချို့ သွားလာနိုင်သေးတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ကာလမှာ မြစ်ကြီးနား – မန္တလေးလမ်းပိုင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခွန်ဂိတ်တွေ များပြားလာတယ်လို့ ကားသမားတွေက ဆိုကြပါတယ်။

မြစ်ကြီးနား – မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားရှိ စစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ ရွှေဘိုနယ်တွေထဲမှာ အများဆုံးဖြစ်ပြီး လက်နက်ကိုင်တပ်တွေ အခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက်မနည်းရှိတယ်လို့ ကားသမားတွေက ပြောပါတယ်။

March 25, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ...
March 24, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု...
၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
March 23, 2026
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့်...
ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...