ထားဝယ် အရှေ့တောနယ်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ဒေသခံများ ဖမ်းဆီးခံရ

ထားဝယ် အရှေ့တောနယ်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ဒေသခံများ ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁ ရက်နေ့မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုနေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါဒေသသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောဆိုသည်။

“လမ်းမှာရှိနေတဲ့ ဒေသခံတော်တော်များများ ဖမ်းခံထိသွားတယ်။ လက်ရှိမှာတော့ ဖုန်းလိုင်းတွေ တချို့နေရာမှာ ဖြတ်ခံထိထားတယ်။ စစ်ကြောင်းထိုးရင် လိုင်းကတော့ အမြဲဖြတ်ခံထိတယ်။ အခုတော့ တောတောင်တွေဘက်မှာ လွှတ်တဲ့နေရာတွေမှာ ရှောင်နေရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပခပ်ကျေးရွာတစ်ဝိုက်တွင် ကြားဖြတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း တိုက်ပွဲအခြေအနေ အသေး စိတ်ကို ပြောဆို၍မရသေးကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောသည်။

၎င်းက “တိုက်ပွဲအသေးစိတ်ကိုတော့ သေချာပြောလို့ မရသေးဘူး။ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို နှစ်ကြိမ်ထက်မနည်း ကြားဖြတ် ဖြတ်တိုက်မှုတွေ လုပ်ဆောင်ခဲ့တာမျိုးတော့ရှိတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုတွေ ရှိပါတယ်” ဟု ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ တနင်္သာရီ-မောတောင် လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိနေပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် သုံးရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

အရှေ့တောနယ်ဒေသတွင် လက်ရှိတွင်လည်း KNU လက်အောက်ခံ၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်- KNLA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် KTLA တပ်ဖွဲ့ဝင်တို့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။

ထိုပစ်ခတ်မှုတွင် KTLA တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ၊ ၁၄ ဦးကို ဖမ်းဆီးရမိသလို လက်နက် ၁၇ လက်ကိုလည်း သိမ်းဆည်းရခဲ့သည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။

ဓာတ်ပုံ - KIC
July 3, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူး-မင်းလက်ပံဒေသတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာပြီး...
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခမ်းအနား (Photo: KNU)
July 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆)၊ ...
Photo: CJ
July 1, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရပ်ကွက်များအတွင်း ညဘက်တွင်...
June 30, 2026
ကရင်ပြည်နယ်အတွင်းရှိ မြဝတီ-ကော့ကရိတ်-ဖားအံ အာရှလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ခရီးသွားလူငယ်များကို...