အင်တာနက်စျေး အဆမတန်မြင့်တက် အွန်လိုင်းပညာရေးသင်သူနှင့် အလုပ်လုပ်သူများ အခက်ကြုံနေ

အင်တာနက်စျေး အဆမတန်မြင့်တက် အွန်လိုင်းပညာရေးသင်သူနှင့် အလုပ်လုပ်သူများ အခက်ကြုံနေ

မြန်မာပြည်တွင်း အင်တာနက်လိုင်း ဈေးအဆမတန်တက်သွားမှုကြောင့် အွန်လိုင်းကိုအသုံးပြုပြီး ပညာသင်ယူသူများနှင့် အလုပ်လုပ်နေသူများ အခက်တွေ့နေရကြောင်း အင်တာနက်သုံးစွဲသူများထံမှ သိရသည်။

လစဉ် အကန့်သတ်မဲ့ ဒေတာ ကျပ်ငွေ (၁၅,၀၀၀) ဖိုးဝယ်သုံးလျှင် ယခင်က 30 GB ရသော်လည်း ယခုအချိန်တွင် အကန့်သတ်မဲ့ ပက်ကေ့ချ်ပမာဏကို လျှော့ချလိုက်သည့်အတွက် 16 GB သာလျှင်ရရှိပြီး  အွန်လိုင်းမှ ပညာသင်ယူသူများအနေဖြင့် အဆင်မပြေမှုများဖြင့် ကြုံနေရကြောင်း အွန်လိုင်း ပညာသင်ကြားနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာမှာက ဝိုင်ဖိုင်မတတ်နိုင်ဘူး။ ဖုန်းဘေလ် (Phone Bill) ဝယ်ပြီး သုံးနေရတာ။ နေ့တိုင်း လိုင်းပေါ်က အတန်းတက်ရတယ်။ အရင်က လစဉ်ဒေတာ (၁၅,၀၀၀) ဖိုးဝယ်ရင် 30 GB တောင်ရတာ။ ခုက 16 GB ပဲ ရတော့တာ။ လိုင်းကလည်း မကောင်းဘူး။ Zoom ဖွင့်ပြီး ဆွေးနွေးတဲ့အခါ လိုင်းက ခဏခဏကျတယ်။ ကိုယ်က ဝင်ငွေလည်းမရှိဘူး။ ပညာကလည်း သင်ချင်တယ်။ ဘေလ်ဖိုးနဲ့ မွဲတော့မယ်” ဟု ဖုန်းအင်တာနက်သုံးစွဲသည့် အမျိုးသမီးက ဆိုသည်။

ထို့အပြင် အယ်ပလီကေးရှင်းအများစုမှာ (VPN) ခံမှသာ သုံးစွဲခွင့်ရပြီး အင်တာနက်သုံးစွဲရာတွင် စိတ်လုံခြုံမှု မရှိတော့သည်ကို ခံစားနေရကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ပိုင် မိုင်တဲလ်၊ အော်ရီဒူး၊ ATOM နှင့် MPT တို့ကို အဓိကအသုံးပြုနေကြပြီး အော်ပရေတာအားလုံး ဈေးတက်လာတာကြောင့် အခက်တွေ့နေရသည်ဟု သုံးစွဲသူများထံမှ သိရသည်။

ယခင်က မြန်မာကျပ်ငွေ (၁,၀၀၀) ကို 3 GB အထိရခဲ့ပြီး ယခုကာလများတွင် ကျပ် (၁,၀၀၀) ကို 480 MB သာ ရရှိတော့သည်ဟု မိုင်တဲလ် သုံးစွဲသူတစ်ဦးမှ ပြောသည်။

“အရင်ကဆို ကျပ် (၁,၀၀၀) ဖိုးဝယ်ရင် 3 GB ရတယ်။ ခု မရတော့ဘူး။ 480 MB ပဲရတော့တာ။ တစ်ရက်ကို ကျပ် (၂,၀၀၀) လောက်ကုန်နေတာ။ ဒါတောင် ချွေတာသုံးနေရတာ။ တခါတလေ ဖုန်းကို အပေါ်အောက်ဆွဲနေရင်း ဘေကုန်သွားတာ ဘာမှတောင် မကြည့်လိုက်ရဘူး” ဟု အဆိုပါ မိုင်တဲလ် သုံးစွဲသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အင်တာနက်သုံးစွဲသည့်အခါ တစ်ပတ်လျှင် (၁၀,၀၀၀) ဝန်းကျင်အထိ အကုန်ကျခံ သုံးစွဲနေရပြီး နေ့စဉ်နှင့်အမျှ အင်တာနက်လိုင်း အခက်အခဲကြောင့် သတင်းနှင့် လက်လှမ်းမမှီမှုများလည်း ကြုံနေရသည်ဟု ၎င်းသုံးစွဲသူက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ကို လွတ်လပ်စွာ သုံးစွဲခွင့်မရဘဲ VPN တစ်ဆင့်ခံပြီးမှသာ သုံးစွဲခွင့်ရပြီး အင်တာနက် ဆက်သွယ်ရေးလိုင်းများကို စစ်တပ်မှ ထိန်းချုပ်ကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ခြေရာခံ ဖမ်းဆီးမှုများ လုပ်ဆောင်လာသည်။

ထို့အပြင် စစ်ကောင်စီမှ လက်နက်ကိုင်များနှင့် စစ်ဖြစ်ရာဒေသကို ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ထားသောကြောင့် စစ်ရှောင်များကို ကျန်းမာရေးအပါဝင် လူမှုကယ်ဆယ်ရေးအကူညီလုပ်ငန်းများ လုပ်ဆောင်ပေးဖို့ ခက်ခဲလာခဲ့သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...