ဟားခါးအနီး Kiamtlang စခန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ် ပြန်လက်လွတ်လိုက်ရ

ဟားခါးအနီး Kiamtlang စခန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ် ပြန်လက်လွတ်လိုက်ရ

ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် ဟားခါးမြို့အနီးက Kiamtlang စခန်းကုန်းကို စစ်ကောင်စီက အင်အားရာချီဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေမှုများကြောင့် တပတ်ကြာခုခံအပြီးမှာ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီက အင်အား ၂၀၀ ခန့်ဖြင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူနှင့် တစ်ပတ်ကြာ ထိုးစစ်ဆင်ပြီး သိမ်းယူခဲ့ခြင်းဖြစ်သည်။

ဟားခါး - ထန်တလန်လမ်းပေါ်ရှိ Kiamtlang စခန်းကုန်းသည် စစ်ရေးအရ အချက်အချာကျသောနေရာဖြစ်သောကြောင့် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်များအကြား ထိန်းချုပ်နိုင်ရေးအတွက် အပြန်အလှန် ထိုးစစ်ဆင်သိမ်းနေရသော စခန်းတစ်ခုဖြစ်ကြောင်း ချင်းအင်အားစုများက ပြောသည်။

Kiamtlang စခန်းကုန်းကို ထိန်းချုပ်နိုင်ရေးအတွက် ချင်းပြည်အစိုးရပူးပေါင်းတပ်က အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ၃ ကြိမ်တိုင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂ ကြိမ်မှာ စခန်းသိမ်းပိုက်ရရှိခဲ့သည်။

လက်ရှိတွင် ပြန်လည်လက်လွတ်လိုက်ရခြင်းဖြစ်ကြောင်း CDF – ဟားခါးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သူတို့က Kiamtlang ကို မရ, ရအောင်ထိုးတာပါ။ တပတ်အတွင်းမှာ နားတဲ့ ရက်၊ ည နည်းပါတယ်။ သူတို့က နေ့တိုင်း၊ ညတိုင်း ကျနော်တို့ကို ဖောက်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အဲဒါကလည်း ဟားခါးနဲ့ နီးနီးကပ်ကပ်ဆို‌တော့ ကျနော်တို့က လမ်းတွေ အကုန်ပိတ်ရတယ်။ ကာခဲ့ရတယ်။ ဒါပေမယ့် စစ်ခွေးက မြို့တွင်းကနေ စစ်အင်အားတွေဖြည့်တယ်။ မြို့တွင်းကနေပါ ထိုးတယ်ဆိုတော့ တော်တော်လေး ခုခံရခက်ပါတယ်။ ကျနော်တို့လည်း တပတ်လောက် ခုခံခဲ့တယ်။ သို့သော်လည်းပဲ တနေ့ကတော့ မခုခံနိုင်တော့ဘူးပေါ့။ ဒါကြောင့် ဆုတ်ပေးရတယ်။ ဒီဇင်ဘာလ ၈ ရက်မှာ Kiamtlang ကုန်းကို စကစက ပြန်ဝင်သွားပြီ” ဟု CDF - ဟားခါးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Kiamtlang စခန်းကုန်းကို  ချင်းပြည်အစိုးရပူးပေါင်းတပ် သိမ်းလိုက်ချိန်တွင် ဟားခါးတက္ကသိုလ်မှ Non – CDM ဆရာ/ဆရာမများသည် ၎င်းတို့၏ လုံခြုံရေးအတွက် အာမခံချက် မရှိတော့ကြောင့် ချင်းပြည်နယ် ဝန်ကြီးချုပ်ထံ ဆန္ဒပြတောင်းဆိုခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ ချင်းပြည်နယ်ဝန်ကြီးချုပ်သည် ချင်းစစ်ရေးတာဝန်ခံ ဒု-တိုင်းမှူးကို Kiamtlang စခန်းကို ပြန်လည်သိမ်းရန် ပြောကြားပြီးနောက် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူ အသုံးပြု၍ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု CDF - ဟားခါး တာဝန်ရှိသူက ပြောသည်။

Khuhsilobo (ခိုစီလိုဘို) လွတ်လပ်ရေးကျောက်တိုင်၏ အနီးတွင်ရှိနေသော  Kiamtlang စခန်းကုန်းမြင့်ကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်က ထိန်းချုပ်နိုင်လျှင်  Keivanzuang နှင့် သီမစ်က စစ်စခန်းများကို ဖြတ်တောက်ထိန်းချုပ်ရာတွင် အချက်အချာကျသည်ဟု သိရသည်။

အောက်တိုဘာလ ၂၈ ရက်က Kiamtlang စခန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့သည်၊ စစ်ကောင်စီမှ ၁၀ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦး နှင့် သေနတ် ၉ လက် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ချင်းပြည်အစိုးရ ပူးပေါင်းတပ်က သိမ်းထားသည့် Kiamtlang စခန်းကို အောက်တိုဘာလ ၂၉ ရက်တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၍ ပြန်လည်သိမ်းယူခဲ့သည်။

စစ်ကောင်စီ ခလရ - ၂၂၆ တပ်ရင်းမှ ၇ ဦး သေဆုံးခဲ့သည်၊ ယင်းစခန်း၏ ၂ ရက်တာ တိုက်ပွဲမှာပင် စစ်ကောင်စီက ၂၃ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ချင်းပြည်အစိုးရ ပူးပေါင်းတပ်သည် နိုဝင်ဘာလ ၂၃ ရက်တွင် Kiamtlang စခန်းကို ထပ်မံထိုးစစ်ဆင်ရာ သိမ်းယူနိုင်ခြင်းမရှိသော်လည်း စစ်ကောင်စီမှ ၄ ဦး သေဆုံးခဲ့သည်။

Kiamtlang စခန်းကို နိုဝင်ဘာလ ၃၀ ရက်တွင် ချင်းပြည်အစိုးရပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ  ထပ်မံသိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ပြီး စစ်သုံ့ပန်း ၁၉ ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ချင်းပြည်အစိုးရပူးပေါင်းတပ် သိမ်းလိုက်သည့် Kiamtlang စခန်းကို စစ်ကောင်စီသည် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများအပါအဝင် အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့သည်။

တပတ်ခန့်အကြာ ဒီဇင်ဘာလ ၈ ရက်တွင် ပြန်လည်ထိန်းချုပ်သွားသည်ဟု သိရသည်။

Kiamtlang စခန်းတိုက်ပွဲ ၂ လဝန်းကျင်မှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးပြီး CDM အပါအဝင် ၂၉ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ငါးကြင်းမြီး ၁ လက်အပါအဝင် လက်နက်ခဲယမ်း ၅၀ နီးပါး ရရှိခဲ့သည်ဟု CDF ဟားခါးထံမှ သိရသည်။

ယခုလက်ရှိတွင် ဟားခါး - ထန်တလန်ကြားက စစ်ကောင်စီစခန်းများကို ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး နယ်မြေစိုးထားကြောင်း သိရသည်။

August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...