စစ်ကောင်စီကို ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁,၈၀၀ ကျော်ရှိလာ

စစ်ကောင်စီကို ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁,၈၀၀ ကျော်ရှိလာ

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ်မှစ၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ စစ်ကောင်စီအပေါ်  ဆိုရှယ်မီဒီယာများ အသုံးပြုဝေဖန်ခြင်းကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၁,၈၄၀ ဦးထိရှိကြောင်း Data for Myanmar ၏ အစီရင်ခံစာအရ သိရသည်။

ဖမ်းဆီးခံရသူ အများစုမှာ Facebook အသုံးပြု၍ စစ်ကောင်စီအပေါ် ဝေဖန်ပြောဆိုမှုကြောင့်ဖြစ်ပြီး Telegram၊ Tiktok ၊ Viber စသည့် ဆိုရှယ်မီဒီယာများ အသုံးပြုဝေဖန်ခြင်းတို့ကြောင့် ဖမ်းဆီးခံရသူများလည်း ပါဝင်သည်။

“စစ်အာဏာသိမ်းပြီးနောက်မှာ လူထုလှုပ်ရှားမှုအတွက် အရေးပါတဲ့ လူမှုကွန်ရက်နဲ့ အွန်လိုင်းပလက်ဖောင်းတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီက  အမျိုးမျိုးကြိုးပမ်းခဲ့တယ်။ အဲဒီအထဲမှာ အင်တာနက်ဖြတ်တောက်တာ၊ ဝက်ဘ်ဆိုက်တွေပိတ်ပစ်တာ၊ facebook တွေကို သုံးမရအောင် ပိတ်ပစ်တာတွေ လုပ်ဆောင်ခဲ့တယ်” ဟု ဒီဇင်ဘာ ၃ ရက်ထုတ် အမှတ်စဉ် (၆) Data for Myanmar ၏ အစီရင်ခံစာက ဖော်ပြသည်။

စစ်ကောင်စီကိုဝေဖန်၍ ဖမ်းဆီးခံရသူများမှာ ၂၀၂၂ ခုနှစ်တွင် ၈၇၄ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၆၁၅ ဦး၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်ထိ ၃၅၁ ဦးရှိပြီး ယင်းအထဲတွင် အမျိုးသမီး ၆၅၇ ဦး ပါဝင်သည်။

ဖမ်းဆီးခံရမှုဖြစ်စဉ်များမှာ ရန်ကုန်နှင့် မန္တလေးတွင် အများဆုံးဖြစ်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၈၉၆ ဦးအထိ ရှိသည်။

ဖမ်းဆီးခံရသူများထဲတွင် အနုပညာရှင်များ၊ သရုပ်ဆောင်များနှင့် သတင်းသမားများလည်း ပါဝင်သည်။

၂၀၂၂ ခုနှစ်အတွင်း မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် ဖမ်းဆီးခံမှု အများဆုံးဖြစ်ခဲ့ကာ ၂၀၂၄ ခုနှစ်တွင် အနည်းငယ်လျော့ကျလာကြောင်း Data for Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ရန်ကုန်နေ ဒေသခံတစ်ဦးက “စစ်ကောင်စီဟာ အွန်လိုင်းပေါ်မှာ စောင့်ကြည့်တာကို အုပ်စုလိုက်လုပ်နေတာ။ သူတို့ ထိန်းချုပ်နယ်မြေထဲက သူတို့ကို နည်းနည်းဝေဖန်တာနဲ့ ဖမ်းဆီးဖို့ သောင်ပြိုကမ်းပြို လှုံ့ဆော်တော့တာပဲ။ အဲဒါကြောင့် သူတို့ ထိန်းချုပ်နယ်မြေမှာဆို တော်တော်လေးသတိထားပြီး အင်တာနက်ကို သုံးရတယ်” ဟု ပြောသည်။

လွတ်လပ်စွာပြောဆိုခွင့်၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ပေးရန်၊ အွန်လိုင်းအသုံးပြုသူများအနေဖြင့် လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အမုန်းစကား၊ အရပ်သားများ ထိခိုက်စေနိုင်သည့် ရေးသားချက်များ မလုပ်ရန်၊ ပုဂ္ဂိုလ်ရေးအချက်အလက်များ လုံခြုံရေး သတိထားရန် Data for Myanmar က အကြုံပြုထားသည်။

“စစ်ကောင်စီက သူတို့ မရှုံးဖို့အတွက် ဘာမဆိုလုပ်မှာပဲ။ တော်လှန်ရေးအတွက် တစ်စုံတစ်ခု အထောက်အပံ့ဖြစ် တယ်လို့ သူတို့ သတ်မှတ်လိုက်တာနဲ့ သူတို့ ကြိုက်တဲ့ပုဒ်မ တပ်ဖမ်းလို့ရတယ်။ ဒါပေမဲ့ သူတို့ လူမှုကွန်ရက် စာမျက်နှာတွေကို ဘယ်လောက်ထိန်းချုပ်ပါစေ သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုတော့ ဘယ်လိုမှ ဖုံးကွယ်လို့ မရပါဘူး” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

လူမှုကွန်ရက်မှ လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေများနှင့် အရေးယူခံရမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကောင်စီက ကြေညာထားသည်။

ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung (Facebook)
June 17, 2026
ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း မြစ်ချောင်းပေါများသည့် ဒေသဖြစ်ပြီး ခရီးသွားလာရေးတွင်...
ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...