ကလေးမြို့သို့ စစ်ဘေးတိမ်းရှောင်ကြသော ဖလမ်းမြို့ဒေသခံများ နေထိုင်စားသောက်ရေး အခက်ကြုံ

ကလေးမြို့သို့ စစ်ဘေးတိမ်းရှောင်ကြသော ဖလမ်းမြို့ဒေသခံများ နေထိုင်စားသောက်ရေး အခက်ကြုံ

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် ကလေးမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်လာကြသော ဖလမ်းမြို့ ဒေသခံများ နေထိုင်စားသောက်ရေးအတွက် အခက်အခဲကြုံတွေ့နေကြရသည်ဟု စစ်ဘေးရှောင်သူများက ပြောသည်။

“လောလောဆယ် အိမ်ငှါးဖို့က တော်တော်လေး အခက်အခဲရှိတယ်၊ အိမ်ငှါးဖို့ မရတာကများတယ်၊ တချို့က ဆွေမျိုးအိမ်မှာပဲ ကပ်ပြီးနေတယ်၊ တချို့သူတွေက အခုထက်ထိ မရကြသေးဘူး၊ အိမ်ငှါးဖို့နဲ့ စာသောက်ရေးပိုင်းမှာ အတော်လေးခက်ခဲကြတယ်” ဟု ကလေးမြို့သို့ စစ်ဘေးရှောင်နေရသူ ဖလမ်းမြို့ဒေသခံတဦးက ပြောသည်။

ဖလမ်းမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ ချင်းညီနောင်တပ်ဖွဲ့များက မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်ကာ တိုက်ပွဲများပြင်းထန်လာပြီးနောက် မြို့ခံအားလုံးနီးပါးသည် နီးစပ်ရာ ကျေးရွာ၊ ဟားခါးမြို့ နှင့် ကလေးမြို့များဘက်သို့ အများစု တိမ်းရှောင်ခဲ့ကြရသည်။

ကလေးမြို့တွင် စစ်ဘေးရှောင်ဦးရေ တနေ့ထက်တနေ့ တိုးလာနေပြီး မြို့တွင်း နေအိမ်ငှါးရမ်းခသည်လည်း တရိပ်ရိပ်မြင့်တက်လာကာ ရိုးရိုးပျဉ်ထောင်အိမ်၊ အခန်းတွဲတစ်ခန်းကို တစ်လ ကျပ် (၁) သိန်းခန့်ဖြင့် ငှါးရမ်းနေထိုင်ကြရသည်ဟု သိရသည်။

ကလေးမြို့သည် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲများကြောင့် နေအိမ်မီးရှို့ခံရသော ကျေးရွာများက စစ်ဘေးရှောင်ပြည်သူများနှင့် ချင်းပြည်မြောက်ပိုင်းဒေသ တီးတိန်၊ တွန်းဇံမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ အဓိကခိုလှုံကြရသည့် မြို့လည်းဖြစ်သည်။

ကလေးမြို့ခံတဦးက “ကျမတို့ ကလေးမြို့ခံအများစုက ရန်ကုန်၊ မန္တလေး၊ အိုင်ဇောလ်ကို သွားကြတယ်။ ဒေသခံတွေထက် စစ်ရှောင်တွေက ပိုများလာတယ်။ မြို့ပတ်ဝန်းကျင်ကရယ်၊ အခု ဖလမ်းဆိုရင် မြို့သိမ်းတိုက်ပွဲကြောင့် ကလေးမြို့မှာ လာရှောင်တာ ပိုများတယ်။ စစ်ရှောင်တွေနဲ့  စည်တော့ပိုစည်လာသလို အိမ်ငှါးဖို့ အလွတ်တောင် မရှိသလောက်ဖြစ်နေတယ်” ဟု ပြောသည်။

ယခုလက်ရှိ ကလေးမြို့ပေါ်တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းတို့ကြောင့်လည်း နေ့စဉ်စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာနေပြီး စစ်ဘေးရှောင်များမှာလည်း အကူအညီများလိုအပ်နေကြသည်ဟု သိရသည်။

January 26, 2026
၂၀၂၆ အတွက် အာဆီယံအလှည့်ကျ ဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင်...
January 24, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အိမ်ထောင်ဦးစီးဖြစ်သူက ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူကို သေနတ်ဖြင့်...
January 23, 2026
တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသား လူမျိုးစု အားလုံးအတွက်...
January 22, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇန်မြို့နယ်ကို သိမ်းပိုက်အပြီး ၂ နှစ်နီးပါးအကြာတွင်...