လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ

လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူအချို့နှင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူအချို့နှင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - APM

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် စစ်ဘေးရှောင် ၂ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့ ၊ ညနေ ၃ နာရီခွဲခန့်တွင် ခရိုင်ကျေးရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံး ကြဲချခဲ့မှုကြောင့် ဒေသခံ ၂ ဦးမှာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။

“ဂျက်ဖိုက်တာနဲ့ ညနေ သုံးနာရီလောက်မှာ လာချတာ။ ၂ ယောက်က ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတဲ့လူတွေလည်း အများကြီးပဲ။ အခုကတော့ ဒဏ်ရာရတဲ့လူတွေကို အရေးပေါ် ဆေးကုပေးနေတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူများမှာ ခရိုင်ကျေးရွာသို့ စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် တောင်ကုတ်မြို့၊ ဆေးရုံကွက်သစ်ရပ်ကွက်မှ ဒေါ်မသိန်း (၇၁) နှစ်နှင့် သာယာအေးကျေးရွာမှ မောင်ကျော်သက်နိုင် (၁၇) နှစ်တို့ဖြစ်သည်။

ယင်းအပြင် ဗုံးကြဲခံရမှုကြောင့် တောင်ကုတ်မြို့မှ ခရိုင်ကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသူများအပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာနေရာများအပြင် စစ်ဘေးရှောင်များ၊ အရပ်သားများနေထိုင်ရာ နေရာများသို့ ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသဖြင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေကြရသည်။

“စစ်တပ် (စစ်ကောင်စီတပ်) က အာရက္ခတပ်တော်ကို စစ်ရှုံးနေပြီဆိုတော့ သူ့လက်ခုပ်ထဲကရေလိုဖြစ်နေတဲ့ အရပ်သားတွေကိုပဲ မညှာမတာ ထိခိုက်အောင်လုပ်နေတာ။ ပြီးတော့ နေ့တိုင်း လေယာဉ်နဲ့ လာလာချနေတာက လူတွေကို အကြောက်တရားသွင်းနေတာ” ဟု တောင်ကုတ်ဒေသခံ လူငယ်တစ်ဦးက ဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ ညဈေးတန်း မီးလောင်ကာ အနီးပတ်ဝန်းကျင်မှ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။

အလားတူ နိုဝင်ဘာလ ၁၇ ရက်က တောင်ကုတ်မြို့တွင်း ပိတ်မိနေသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးမှာ လေကြောင်းဗုံးကြဲခံရမှုကြောင့် သေဆုံးသွားခဲ့ရသည်။

လက်ရှိတွင် တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ စကခ ၅ နှင့် လက်အောက်ခံတပ်ရင်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တောင်ကုတ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

February 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် HIV ထိန်းချုပ်ရေးအပါအဝင် ကူးစက်ရောဂါကာကွယ်ရေးအတွက်...
February 27, 2026
စစ်တွေမြို့နယ်၊ ဝါဘိုနှင့် တောကန်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲ...
February 26, 2026
ရခိုင်ပြည်တွင် စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် AA ထိန်းချုပ်နယ်မြေက စာသင်ကျောင်း၊ ဆေးရုံ၊...
စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာအတွင်း လှုပ်ရှားသွားလာနေသော မွတ်ဆလင်များအား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
February 25, 2026
ရခိုင်ပြည် စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအပါဝင် ဒေသခံများကို...