ရက်ပေါင်း ၂၀ အတွင်း တောင်ကုတ်မြို့နှင့် တပ်စခန်း ၁၀ ခုထိ AA သိမ်းပိုက်

ရက်ပေါင်း ၂၀ အတွင်း တောင်ကုတ်မြို့နှင့် တပ်စခန်း ၁၀ ခုထိ AA သိမ်းပိုက်

တောင်ကုတ်မြို့နယ်အတွင်း ထိုးစစ်စတင်ခဲ့သည့် နိုဝင်ဘာ ၄ ရက်မှ ၂၀ ရက်ထိ စစ်ကောင်စီတပ်စခန်း (၁၀)ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ နိုဝင်ဘာ ၂၄ ရက်တွင် တောင်ကုတ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)၏ ယမန်နေ့ (နိုဝင်ဘာ ၂၈ ရက်နေ့) သတင်းထုတ်ပြန်ချက်အရ သိရသည်။

တောင်ကုတ်တက္ကသိုလ်ရှိ အခိုင်အမာတပ်စွဲထားသောစခန်း၊ တက္ကသိုလ်မောင်းတံဂိတ်၊ စကခ (၅) ဌာနချုပ်ဂိတ်စခန်းနှင့် ရာဘာခြံစခန်းများ အပါအဝင် တပ်စခန်း ၁၀ ခုအထိ သိမ်းပိုက်ထားသည်။

“ကျန်မြို့တွေလည်း ဒီအတိုင်းဆိုရင် ကာလတိုအတွင်း သိမ်းပိုက်နိုင်မယ့် အလားအလာရှိတယ်။ ကျောက်ဖြူနဲ့ စစ်တွေကတော့ စစ်ရေးအရနှစ်ဖက် အားနည်းချက်၊ အားသာချက်တွေရှိတော့ အချိန်ကြာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အခုတိုက်နေတဲ့မြို့လေးခုကို သိမ်းနိုင်ရင် အေအေအတွက် အားသာချက်တွေဖြစ်သွားပြီ။ စစ်ရေးအရလည်း လွှမ်းမိုးနိုင်ပြီ” ဟု ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

AA သည် တောင်ကုတ်မြို့ကို အချိန်အတော်ကြာ ဝိုင်းရံပိတ်ဆို့ထားပြီး‌နောက် နိုဝင်ဘာ ၄ ရက်တွင် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ တောင်ကုတ်မြို့တစ်ခုလုံးကို ထိန်းချုပ်ထားပြီဖြစ်ပြီး ရခိုင်တွင် AA က မြို့ ၁၁ မြို့အထိ သိမ်းပိုက်ထားပြီ ဖြစ်သည်။

တောင်ကုတ်စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲချိန်တွင်လည်း ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး ပြည်သူထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့ကြောင်း AA က ဆိုသည်။

တောင်ကုတ်အခြေစိုက် စစ်ကောင်စီ၏ အဓိကစခန်းကြီးများဖြစ်သော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅ ) နှင့် လက်အောက်ခံတပ်ရင်း ခမရ (၃၄၆)၊ ခမရ (၅၄၄) တပ်ရင်းတို့ကို တစ်ပြိုင်နက်တည်း ဆက်လက် ထိုးစစ်ဆင်နေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

“စကခ ၅ လည်း သိပ်ကြာမယ်မထင်ဘူး။ စစ်ကောင်စီဘက်ကတော့ အတတ်နိုင်ဆုံးခုခံနေတယ်။ လေယာဉ်နဲ့ နေ့တိုင်းလာပြီး ဗုံးကြဲနေတာရှိတယ်” ဟု မြေပြင်စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောသည်။

ရခိုင်ဒေသအတွင်း သိမ်းပိုက်ရန်ကျန်ရှိသောမြို့များကို တစ်ခုမကျန်အောင် ဆက်လက်သိမ်းပိုက်နိုင်ရန် ထိုမြို့များရှိ စစ်ကောင်စီစခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သွားမည်ဟု AA က ပြောဆိုထားသည်။

လက်ရှိတွင် AA သည် အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး၊ မောင်တောတွင် ကျန်ရှိနေသေးသော နခခ ၅ စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...