စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တရုတ်အများဆုံး

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တရုတ်အများဆုံး

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံများထဲ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အများဆုံးဖြစ်ကြောင်း ISP – Myanmar ၏ အစီရင်ခံစာအရ သိရသည်။

တရုတ်က အမေရိကန်ဒေါ်လာ သုံးဘီလီယံ‌ကျော်အထိ ရင်းနှီးမြှုပ်နှံခဲ့ပြီး ထိုပမာဏမှာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်မှု အားလုံး၏ ၅၂ ရာခိုင်နှုန်းဖြစ်သည်။

ဒုတိယအများဆုံးမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော်၊ ဂျပန်နိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖြင့် တတိယအများဆုံး ဖြစ်ကြောင်း ISP – Myanmar က ဖော်ပြသည်။

အာဏာမသိမ်းမီက စင်္ကာပူ၊ တရုတ်၊ ဂျပန်တို့မှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အစဉ်လိုက် ရပ်တည်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ စင်္ကာပူနှင့် ဂျပန် နှစ်နိုင်ငံထက် ပိုများနေသည်။

ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံများမှာ စွမ်းအင်ကဏ္ဍတွင် အများဆုံးဖြစ်ပြီး ကန်ဒေါ်လာ ၄ ဘီလီယံကျော်အထိရှိကာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ၏ ၆၆ ရာခိုင်နှုန်း ဖြစ်သည်။

ဒုတိယအများဆုံးမှာ ဝန်ဆောင်မှုကဏ္ဍဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိကာ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် သန်း ၆၈၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ISP – Myanmar  အစီရင်ခံစာတွင် ပါရှိသည်။

ယင်းအပြင် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် သန်း ၃၄၀ ကျော်နှင့် အိမ်ခြံမြေကဏ္ဍတွင် သန်း ၇၀ ကျော်ရှိသည်။ အာဏာမသိမ်းမီက ကုန်ထုတ်လုပ်ငန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နှစ်စဉ်ကျဆင်းလာနေပြီး လေးနှစ်နီးပါးကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၆ ဘီလီယံကျော် ကျဆင်းခဲ့သည်ဟု ISP – Myanmar ၏ လေ့လာချက်အရ သိရသည်။

အာဏာသိမ်းပြီးနောက် ခြောက်လစာ မီနီဘတ်ဂျက်ကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း သန်း ၆၀၀ ကျော်ရှိပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် တစ်ဘီလီယံခွဲကျော် ဝင်ရောက်ခဲ့သော်လည်း ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် သုံးပုံတစ်ပုံ ကျဆင်းသွားခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ ကျဆင်းလာနေပြီး အမေရိကန်ဒေါ်လာ သန်း ၂၂၀ ကျော်သာရှိကာ ထိုပမာဏမှာ အာဏာသိမ်းမှုနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်ကြောင်း ISP – Myanmar အစီရင်ခံစာအရ သိရသည်။

ပုံစာ - စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၃ ခုနှစ်၊ မေလအတွင်း စစ်ခေါင်းဆောင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr.Qin Gang ဆွေးနွေးကြစဉ်

အပေါက်ဝကျေးရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
June 20, 2026
မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်၍ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေပြင်းထန်စွာ စီးဆင်းခြင်း၊...
June 20, 2026
ကားကြီး၊ ကားငယ်လေးတွေက လမ်းမပေါ်မှာ အချိန်ပြင်းပြင်းနဲ့ မောင်းနှင်သွားလာနေကြတယ်။ လမ်းမကြီးရဲ့...
June 19, 2026
ရခိုင်ပြည်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မန္တလေး-မူဆယ် ရထားလမ်းအပါဝင် တရုတ်-...
ကျောက်တော်ကို အာဏာသိမ်းစစ်တပ်မှ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေသည့် မိသားစုဝင်အချို့။
June 18, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် အနီးတဝိုက်ကို မနေ့၊ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က...