အာဏာသိမ်းပြီး နောက်ပိုင်း ကရင်နီ ပြည်သူ ၂၅၀ ကျော် သေဆုံး

အာဏာသိမ်းပြီး နောက်ပိုင်း ကရင်နီ ပြည်သူ ၂၅၀ ကျော် သေဆုံး

စစ်တပ်က အာဏာသိမ်းလိုက်သည့် အချိန်မှစ၍ ကရင်နီပြည်ထဲတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အမျိုးသမီးများ နှင့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ ပြည်သူ ၂၅၃ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၃၃၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာနက ပြောသည်။

၂၀၂၁ ခုနှစ် မေလမှ ၂၀၂၄ အောက်တိုဘာလအတွင်း ကလေးငယ်များအပါအဝင် အရပ်သား ၂၅၃ ဦး သေဆုံးခဲ့ကြောင်း IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာနက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာအနေဖြင့် ကရင်နီပြည်တွင် အမျိုးသမီး နှင့် ကလေးသူငယ်များသည် လေကြောင်း နှင့် လက်နက်ကြီး အန္တရာယ်တို့ကြောင့် ထိခိုက်သေဆုံးကြရသည် ဟု IEC က ဆိုသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များ သေဆုံးခဲ့ရသည့် အခြေအနေအပေါ် IEC အမျိုးသမီးနှင့်ကလေးသူငယ် ရေးရာဌာနမှ ဌာနမှူးကြီးက “စစ်ကောင်စီကြောင့် သေဆုံးသွားတဲ့ ဟာတွေပဲ များပါတယ်” ဟု ပြောသည်။

၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အမျိုးသမီး ၂၀ ဦးသေဆုံးခဲ့ပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ကလေး ၁၅ ဦး သေဆုံးပြီး ၄၄ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု IEC ၏ စာရင်းများအရ သိရသည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ၏ ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်နီအမျိုးသားများကာကွယ် ရေးတပ် ဥက္ကဋ္ဌလည်း ဖြစ်သူ ခွန်းဘီထူးက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သော”အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” တွင် ယခုကဲ့သို့ ပြောသည်။

”ဒီနေ့ ကျနော်တို့နိုင်ငံမှာ ကလေးသူငယ် ပေါင်းများစွာအပြစ်မဲ့ သေဆုံးနေရတယ်။ စစ်ပွဲကြောင့်မို့လို့ အမျိုးသမီးများစွာ အသက်ဆုံးရှုံးပြီးတော့မှ အတိဒုက္ခရောက်နေတဲ့ အခြေအနေမျိုး ရှိတယ်။ အထူးသဖြင့် ကျနော်တို့ ကရင်နီပြည်မှာဆိုရင် လေယာဉ်ဗုံးကြဲပြီးတော့မှ ကလေးသူငယ်ပေါင်းများစွာ အသက်ဆုံးရှုံးရပြီးမှ အခုဆို လို့ရှိရင် စိတ်ဒုက္ခတွေ လူမှုရေးဒုက္ခတွေ အများအပြား ကြုံနေရတဲ့

အခက်ခဲဆုံး အခြေအနေ ဖြစ်တယ်။”

အမျိုးသမီးများ၊ ကလေး သူငယ်များနှင့် သက်ကြီး ရွယ်အိုများအား အသက် သေဆုံးမှုအဓိကဖြစ်စေသည့် လေကြောင်းသုံး ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှု များကို ရပ်တန့်နိုင်စေရန်စစ်အုပ်စုအား နိုင်ငံအသီးသီးမှ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုကို တင်းကြပ်စွာ ပိတ်ဆို့ အရေးယူရန် IEC အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာဌာနက တောင်းဆိုထားသည်။

ထို့အပြင် လေကြောင်းရန်မှ တားဆီးနိုင်ရန်အတွက် အီးယူသမဂ္ဂနှင့် သက်ဆိုင်ရာ နိုင်ငံများမှ လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို လုံးဝ ရပ်တန့်ပေးသွားရန် သို့မဟုတ် လေယာဉ် ကင်းလွတ်ဇုန်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသည် ဟု ဆိုသည်။

July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...
July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...