စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် တနင်္သာရီဒေသခံ ထောင်ချီပိတ်မိနေ

စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် တနင်္သာရီဒေသခံ ထောင်ချီပိတ်မိနေ

တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပိတ်ဆို့မှုကြောင့် ဒေသခံပြည်သူထောင်နှင့်ချီ ပိတ်မိနေပြီး အကူအညီများလည်း လိုအပ်နေသည်ဟု မွန်ပြည်လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ (MSHN) က ပြောသည်။

စစ်ကောင်စီတပ်မှ လုံခြုံရေးအကြောင်းပြကာ စစ်ဆေးမှုများနှင့် ပိတ်ဆို့မှုများကြောင့် လောင်းလုံးမြို့နယ်ထဲက ပုညစ်၊ ဝေဒီ၊ ကထောင်နီ၊ ကညုံ၊ ကဒက်ငယ် စသည့် ကျေးရွာများရှိ ဒေသခံပြည်သူများ ပိတ်မိနေပြီး အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်။

ထိုကျေးရွာများရှိ စစ်ဘေးရှောင် ၅၀၀၀ ခန့်မှာ အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု မွန်ပြည်လူသားချင်း စာနာမှု ကွန်ယက်အဖွဲ့ (MSHN) ပြောရေးဆိုခွင့်ရှိသူ နိုင်မရော့မွန်က ပြောသည်။

“သူတို့ ဘုန်းကြီးကျောင်းတို့၊ Public အဆောက်အအုံတွေမှာ စစ်ဖြစ်ဖို့ ဝေးတဲ့နေရာတွေမှာ အသီးသီး သူတို့နေတာ ရှိတယ်။ နောက်တစ်ချို့ရွာတွေကျတော့ သူတို့ရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းတော့ မရှိဘူး။ ဒါပေမဲ့ လမ်းကြောင်း ပိတ်ဆို့မှုကြောင့် ကုန်စီးဆင်းမှု လျော့နည်းတဲ့အခါကြ သူတို့ စားနပ်ရိက္ခာဝယ်ယူလို့ မရတဲ့ အနေအထားမျိုး ရှိတယ်ပေါ့နော်။”

စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ အင်အားဖြည့်တင်းခြင်းများကို အရှိန်မြှင့် လုပ်ဆောင်လာသည့် အချိန်မှစ၍ ဒေသခံများ ပိတ်ဆို့ခံနေရသည် ဟု နိုင်မရော့မွန် က ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ကြောင်းထိုးလာသည့် လမ်းကြောင်း တစ်လျှောက်ရှိ ရွာများမှ ပြည်သူများအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ဖြတ်သန်းသွားလာသည့် ယာဉ်များကိုလည်း စစ်ဆေးမှုများကို တင်းကြပ်စွာ လုပ်ဆောင်နေသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်ဟု MSHN က ပြောသည်။

လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ MSHN ပြောရေးဆိုခွင့်ရှိသူ နိုင်မရော့မွန်က ယခုကဲ့သို့ ပြောသည်။

“လူ့အခွင့်အရေးအနေနဲ့ ကြည့်မယ်ဆိုရင် သူတို့စစ်ကြောင်းထိုးလာတဲ့ တစ်လျှောက်လုံးမှာ သူတို့ကြုံတဲ့ရွာ မှန်သမျှ ညှင်းပန်းနှိပ်စက်မှုတွေ လုပ်တယ်။ လူသားဒိုင်းအဖြစ် ခေါ်တယ်။ ပေါ်တာ ဆွဲတယ်။ တစ်ခါတလေ လမ်းမှာ ပစ်သတ်သွားတဲ့ အ‌နေအထား မျိုးရှိတယ်ပေါ့နော။ တစ်ချို့ သတ်ဖြတ်ပြီးတော့ အလောင်းကို ရွာဘေးမှာ ပစ်ထားတဲ့ အနေအထားတွေ အများကြီး ရှိခဲ့တယ်ပေါ့နော်။”

လောင်းလုံးမြို့နယ်ထဲတွင် စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ သုံးသောင်းရှိသည်ဟု မွန်ပြည် လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ (MSHN) က ပြောသည်။

မွန်ပြည် လူသားချင်း စာနာမှုကွန်ယက်အဖွဲ့ (MSHN) အနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၉ မြို့နယ်တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိရန်အတွက် လက်လှမ်းမီသမျှ သတင်းအချက်အလက်များ စုဆောင်ပြီး လှုပ်ရှားဆောင်ရွက်နေသည့်အပြင် ကျန်ရှိသေးသည့် မြို့နယ်များအတွင်း ဆက်လက်တိုးချဲ့ လုပ်ဆောင်သွားရန်ရှိသည်ဟု နိုင်မရော့မွန်က ဆိုသည်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...
March 24, 2026
ရှမ်းပြည် မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုများကြောင့် တိုက်ပွဲများအထိ ဖြစ်ပွားခဲ့သည့်...