တောင်ကုတ်မြို့ လေကြောင်းဗုံးကြဲခံရမှုကြောင့် ညဈေးတန်း မီးလောင်ပျက်စီး

တောင်ကုတ်မြို့ လေကြောင်းဗုံးကြဲခံရမှုကြောင့် ညဈေးတန်း မီးလောင်ပျက်စီး
စက်တင်ဘာလအတွင်း တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ လေကြောင်းဗုံးကြဲခံရမှု။
စက်တင်ဘာလအတွင်း တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ လေကြောင်းဗုံးကြဲခံရမှု။

ရခိုင်ပြည်၊ တောင်ကုတ်မြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ကံပိုင်ရပ်ကွက်ရှိ ညဈေးတန်းမှ ဆိုင်ခန်းများ မီးလောင်ပျက်စီးသွားကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၂၅ ရက်၊ ညနေ ၄ နာရီအချိန် ဗုံးကြဲခံရမှုကြောင့် ဆိုင်ခန်းများအပြင် နေအိမ်အချို့လည်း မီးလောင်ပျက်စီးသွားကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ညဈေးဆိုင်တွေ အကုန်လုံးပျက်စီးသွားတယ်။ နောက်ပြီး နေအိမ်တချို့လည်း မီးလောင်ပျက်စီးသွားတယ်။ ကံပိုင်ရပ်ကွက်က ကျနော့်သူငယ်ချင်းအိမ်လည်း မီးလောင်တဲ့အထဲ ပါသွားတယ်” ဟု သူက ပြောသည်။

ညဈေးတွင် ဆိုင်ခန်းပေါင်း ရာနှင့်ချီရှိပြီး နေအိမ်နှင့် ဈေးဆိုင်ခန်းများ မီးလောင်ပျက်စီးမှုနှင့်ပတ်သက်၍ အသေးစိတ်ကို မသိရှိရသေးပေ။

တောင်ကုတ်မြို့နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော်(AA) က အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးများဖြင့် ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲများ ပြင်းထန်နေသည်။

လက်ရှိတွင်လည်း တောင်ကုတ်မြို့အနီးရှိ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ - ၅) ကို AA က ထိုးစစ်ဆင်နေ၍ တိုက်ပွဲများပြင်းထန်နေကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

“စကခ(၅)တပ်မထဲမှာ တိုက်ပွဲတွေကတော့ ပြင်းထန်နေသေးတယ်။ မြို့ပေါ်ဒေသခံတွေကို AA က ကယ်ထုတ်ထားတာတွေရှိတယ်။ ပိတ်မိနေသူတွေလည်း ရှိသေးတယ် ” ဟု သူက ဆိုသည်။

တိုက်ပွဲနှင့်မသက်ဆိုင်သည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားနေရာများသို့ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ နေအိမ်၊ ဈေးဆိုင်များ ပျက်စီးမှုအပြင် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်က တောင်ကုတ်မြို့တွင်း ပိတ်မိနေသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးမှာ လေကြောင်းဗုံးကြဲခံရမှုကြောင့် သေဆုံးသွားခဲ့ရသည်။

 

လက်ရှိတွင် တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ - ၅)၊ ခမရ ၃၄၆၊ ၅၄၄ တပ်ရင်းအပါအဝင် တပ်စခန်းများကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

July 13, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး...
July 9, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့်...
July 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်ကို စစ်တပ်က ဂျက်တိုက်...
July 8, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသတွင် ယခုနှစ် မိုးရာသီကာလ...