ရခိုင်ကျောင်းသားဟောင်း ကိုမြတ်ဟိန်းထွန်း ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ

ရခိုင်ကျောင်းသားဟောင်း ကိုမြတ်ဟိန်းထွန်း ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ

ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ အထွေထွေအတွင်းရေးမှူး‌ဟောင်း ကိုမြတ်ဟိန်းထွန်းကို စစ်ကောင်စီက အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကိုမြတ်ဟိန်းထွန်းကို အမှုဖွင့်ထားသည့် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က)တို့ဖြင့် စစ်ခုံးရုံးမှ အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်တွင် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ရက်အတိကျတော့ မသိဘူး။ အောက်တိုဘာ နောက်ဆုံးအပတ်လောက်က ချမှတ်လိုက်တာပါ။ သူ့ရဲ့ဖုန်းမှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ပို့စ်တွေ Share ထားတာရယ်၊ ငွေကြေးထောက်ပံ့တဲ့ အချက်အလက်တွေ တွေ့တယ်လို့ ကြားသိရပါတယ်။ သူ့ကို စစ်ခုံရုံးမှာ စစ်ဆေးမှု နှစ်လလောက် ပြုလုပ်အပြီးမှာ အဲဒီကနေတစ်ခါတည်း ချလိုက်တာပါ” ဟု ကိုမြတ်ဟိန်းထွန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တောင်ကုတ်ဒေသခံ ကိုမြတ်ဟိန်းထွန်းမှာ ရခိုင်ပြည်အတွင်း စစ်ရေးပြင်းထန်လာပြီးနောက် ရန်ကုန်တွင် စစ်ဘေးရှောင်နေစဉ် ၂၀၂၄၊ မေလ ၃၁ ရက်က ရန်ကုန်တိုင်း၊ ဒလမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် လှိုင်သာယာရဲစခန်းမှ အကြမ်းဖက်မှုပုဒ်မဖြင့် အမှုဖွင့်ခဲ့ပြီး စစ်ခုံရုံးတွင် နှစ်လကြာ စစ်ဆေးမှုပြုလုပ်ပြီးနောက် ပြစ်မှူကျူးလွန်သည်ဟုဆိုကာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။

နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ မိသားစုဝင်များက ကျေနပ်မှုမရှိသဖြင့် ရန်ကုန်တိုင်း တရားလွှတ်တော်တွင် အယူခံတင်သွင်းထားကြောင်း သိရသည်။

မိသားစုဝင်တစ်ဦးက “စွဲဆိုထားတဲ့ ပုဒ်မနဲ့ ပြစ်မှုကျူးလွန်တယ်ဆိုပြီး ချလိုက်တာလို့ သိရပါတယ်။ အခုတော့ အယူခံပြင်ဆင်ပြီး ရန်ကုန်တိုင်းမှူးဆီသို့ တင်ထားတာရှိတယ်။ အယူခံတက်ထားပေမယ့် ဘယ်လိုလာမလဲ ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ပြောသည်။

အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီသည် အရပ်သားများအပေါ် အထူးသဖြင့် ကျောင်းသားလူငယ်များ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးကာ မတရားတရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်နေသည်။

“စစ်တပ်က လူငယ်တွေ၊ လူမှုရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ဆက်နွယ်သူတွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးတယ်။ စစ်ရှုံးစစ်ကောင်စီက အားလုံးကို သံသယမျက်လုံးတွေနဲ့ကြည့်ပြီး ရူးကြောင်ကြောင် လုပ်နေတယ်လို့ ပြောချင်တယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

AAPP ၏ နိုဝင်ဘာ ၂၅ ရက်ထုတ် ပြန်ချက်အရ နိုင်ငံတဝန်းတွင် စစ်ကောင်စီထံ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇,၇၁၅ ဦးရှိပြီး၊ ထိုအထဲမှ ၂၁,၁၅၈ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံရသူများအနက်မှ (၉,၅၃၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...