မူဆယ်-နမ့်ခမ်းလမ်း ပစ္စည်း သယ်ယူမှု ပိတ်

မူဆယ်-နမ့်ခမ်းလမ်း ပစ္စည်း သယ်ယူမှု ပိတ်

မူဆယ်မြို့မှ နမ့်ခမ်းမြို့သို့ ကုန်ပစ္စည်းသယ်ယူမှုများကို စစ်ကောင်စီက ပိတ်ထားသည်ဟု မူဆယ်ဒေသခံက ပြောသည်။ မူဆယ်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ကုန်ပစ္စည်း သယ်ယူခွင့်ကို နိုဝင်ဘာလ ၂၀ ရက်နေ့က ပိတ်လိုက်ခြင်းဖြစ်သည်ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ ကားသမားတွေဆီက ပြန်ကြားရတာက မူဆယ်ကနေ နမ့်ခမ်းကိုသွားတဲ့သူတွေ ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ် ကားနဲ့ပဲ ဖြစ်ဖြစ် အလှကုန်ကစပြီးတော့ ဒီမူဆယ်အထွက် စကစ ဂိတ်ကနေ သယ်ခွင့်မပေးဘူးတဲ့ လူတွေတော့ သွားခွင့်ပြုတယ်လို့ ပြောတယ်။”

ထို့အပြင် မူဆယ်မှ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့်နမ့်ခမ်းမြို့ တကြောက ဒေသများ၊ ကျေးရွာများသို့ စားသောက်ကုန်နှင့် စက်သုံးဆီ သယ်ယူခွင့်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စက်သုံးဆီနှင့် ကုန်ပစ္စည်း သယ်ယူမှုကို စစ်ကောင်စီက ကန့်သတ်လိုက်သည့်အတွက် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ကလည်း ၎င်းတို့ ထိန်းချုပ်ရာ နမ့်ခမ်းမြို့မှ မူဆယ်မြို့ဖက်သို့ စက်သုံးဆီ သယ်ယူခွင့်ကို ပိတ်လိုက်သည်။

နမ်းခမ်းဒေသခံ အမျိုးသားတစ်ဦးက “အရင်တစ်ခါကတော့ နမ့်ခမ်းကနေ မူဆယ်ကို စက်သုံးဆီတွေ သယ်လို့ မရတာက အဲ့ဒါက TNLA ဂိတ်က ပိတ်တာ အပြန်အလှန်ပေါ့ အဲ့လိုအခြေအနေဖြစ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီက မူဆယ်မှ နမ့်ခမ်းမြို့သို့ ကုန်ပစ္စည်းသယ်ယူမှုကို ပိတ်လိုက်သည့် အခြားတစ်ဖက်တွင် နိုဝင်ဘာ လ ၁၁ ရက်နေ့က တရုတ်ဖက်က ပိတ်ထားသည့် မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ဂိတ်ဖြစ်သည့် ဆင်ဖြူဂိတ်မှ ကုန်ပစ္စည်း သယ်ယူခွင့်ကို တရုတ်ဖက်က ပြန်ဖွင့်လိုက်သည်ဟု မူဆယ်ဒေသခံများက ပြောသည်။

တရုတ်ဖက်က ဆင်ဖြူဂိတ်ကို ဖွင့်ပေးလိုက်သော်လည်း မြန်မာဖက်က ပိတ်ထားသည့် မန့်ဝိန်းဂိတ်ကို မြန်မာအာဏာပိုင်များက နိုဝင်ဘာလ ၂၀ ရက်နေ့အထိ မဖွင့်ပေးသေးကြောင်း ဒေသခံများက ပြောသည်။ မူဆယ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေး ဂိတ်များမှ တစ်ဆင့် ကုန်ပစ္စည်းသယ်ယူမှုနှင့် ပတ်သက်၍ တရုတ်အာဏာပိုင်ဘက်က နိုဝင်ဘာလ ၉ ရက်နေ့တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

တရားဝင်လမ်းကြောင်း ဖြစ်သည့် ကျယ်ဂေါင်-မန့်ဝိန်းဂိတ်မှ ကုန်စည်သယ်ယူမှုတို့ကို ခွင့်ပြုသွားမှာဖြစ်ပြီး ဆိုင်ကယ်၊ လက်တွန်းလှည်း၊ စက်ဘီး၊ လုပ်ငန်းသုံး မဟုတ်သည့် ခရီးသည်တင်ကား စသည့် ယာဉ်များနှင့် တနိုင်တပိုင် ကုန်စည်သယ်ယူနေကြသည့် တရားမဝင်လမ်းကြောင်း အသုံးပြုခွင့်ကို ပိတ်လိုက်သည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထိုသို့ ကြေညာချက် ထွက်ပေါ်လာပြီးနောက် နှစ်နိုင်ငံ အာဏာပိုင်များက ကုန်ပစ္စည်း သယ်ယူမှုနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့သော်လည်း အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရုတ်အာဏာပိုင်များက ဆင်ဖြူဂိတ်ကို ပိတ်လိုက်ပြီး မန့်ဝိန်း ကုန်သွယ်ရေးဂိတ်မှ ကုန်ပစ္စည်း သယ်ယူမှုကို ခွင့်ပြုခဲ့သည်။

ဆင်ဖြူဂိတ်ကို တရုတ်အာဏာပိုင်များက ပိတ်လိုက်သောကြောင့် မြန်မာအာဏာပိုင်ဖက်ကလည်း တရုတ်က ကုန်ပစ္စည်း တင်သွင်းခွင့်ပြုထားသည့် မန့်ဝိန်းဂိတ်ကို ပိတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

Most read this week

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...
March 24, 2026
ရှမ်းပြည် မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုများကြောင့် တိုက်ပွဲများအထိ ဖြစ်ပွားခဲ့သည့်...