စားဝတ်နေရေး အခက်အခဲကြောင့် ရခိုင်တွင် ကလေးလုပ်သား များပြားလာ

စားဝတ်နေရေး အခက်အခဲကြောင့် ရခိုင်တွင် ကလေးလုပ်သား များပြားလာ

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ စစ်ရေးပဋိက္ခပြင်းထန်နေသော ရခိုင်ဒေသအတွင်း ကလေးလုပ်သား များပြားလာကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။

စီးပွားရေးကျပ်တည်းမှုနှင့်အတူ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကြောင့် ၁၈ နှစ်အောက် ကလေးငယ်များမှာ မိသားစုစားဝတ်နေရေးအတွက် ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်နေကြရသည်။

“ကျောင်းမတက်ရတဲ့အချိန် ကျောင်းစရိတ်နည်းနည်းကာမိအောင် လာထမ်းတာ။ မိသားစုအဆင်မပြေတော့ တတ်နိုင်သလောက် လာလုပ်တာပါပဲ။ ဒီမှာ ကုန်ထမ်းနေကြတာမှာ ကျနော့်ထက်ငယ်တဲ့သူတွေလည်း အများကြီးပါပဲ။ သူတို့အများစုက ကျောင်းမတက်နိုင်ကြဘူး။ အိမ်မှာထမင်းနှစ်နှပ် ပုံမှန်စားနိုင်ဖို့ ရုန်းကန်နေကြရတာ” ဟု မောင်ဦးကျော်ဆန်းက ပြောသည်။

၁၁ တန်းကျောင်းသား အသက် ၁၆ နှစ်အရွယ် မောင်ဦးကျော်ဆန်းမှာ မိသားစုနှင့်အတူ စစ်တွေမြို့ကနေ ထွက်ပြေးလာပြီးနောက် ကျောက်တော်မြို့ နေပူခံစစ်ရှောင်စခန်းတွင် နေထိုင်ရင်း ဘုတ်ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ လုပ်ကိုင်နေသူဖြစ်သည်။ ၎င်း၏ တစ်နေ့တာဝင်မှာ ကျပ်တစ်သောင်းကျော်ခန့် ရှိကြောင်း သိရသည်။

ရခိုင်ဒေသအတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် ကလေးသူငယ်အများစုမှာ ကုန်ထမ်းခြင်း၊ ရေခဲချောင်းရောင်းခြင်း၊ ကားရေဆေးခြင်း စသည့် ကြုံရာကျပန်း အလုပ်လုပ်ကိုင်နေကြရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင် မိဘတစ်ဦးက “အလုပ်အကိုင်ကလည်းရှား ကုန်ဈေးနှုန်းတွေလည်း ကြီးတော့ သားသမီးတွေပါ အလုပ်လုပ်ဖို့လိုတယ်။ သူတို့အလုပ်လုပ်ရင် စားဝတ်နေရေး နည်းနည်းတော့ ခံသာတာပေါ့။ စစ်ဘေးရှောင်နေရတာဆိုတော့ သားသမီးတွေကို ကျောင်းလည်းမထားနိုင်ဘူး။ ကျောင်းတက်ဖို့လည်း စိတ်မဝင်စားကြတော့ဘူး” ဟု ပြောသည်။

ယင်းအပြင် အခြားကလေးငယ်အများစုမှာလည်း လူစည်ကားနေရာများသို့ သွားရောက်တောင်းရမ်းပြီး စားဝတ်နေရေး ဖြေရှင်းနေကြရသည်အထိ အခြေအနေဆိုးရွားနေသည်။

အသက် ၁၈ နှစ်အောက် စစ်ဘေးရှောင် အမျိုးသမီးငယ်များမှာလည်း အရောင်းဝန်ထမ်းလုပ်ခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွင်း ဝင်ရောက်လုပ်ကိုင်လာကြကြောင်း သိရသည်။

“အခုက မွတ်ဆလင်ကလေးတွေရော ရခိုင်ကလေးတွေရော ကုန်စက်လှေတွေရောက်ရင် အပြေးအလွှားနဲ့ ကုန်တင်ကုန်ချ အထမ်းသမားတွေလုပ်ကြတာ။ သူတို့ထမ်းနိုင်သလောက် ကုန်ပစ္စည်းတွေ ထမ်းကြတာပေါ့။ ကလေးဆိုပြီး ဈေးလျှော့ခိုင်းလို့တော့ မရဘူး။ အကုန်တန်းတူပေးရတာ” ဟု ကုန်သည် ဦးနေလင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောင်နိုင်ရန် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကို အသစ်ပြန်လည်ရေးဆွဲပြီး ၂၆ နှစ်အကြာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းခဲ့သည်။

ကုလသမဂ္ဂတွင် ပြဌာန်းထားသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗေးရှင်းကို ၁၉၉၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည်။

ပုံစာ - ရခိုင်ဒေသအတွင်း ကုန်ထမ်းနေသည့် ကလေးသူငယ်တစ်ဦးအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...