စစ်ကောင်စီက စစ်တွေမြို့တွင်း ခံတပ်တိုးချဲ့ပြင်ဆင်

စစ်ကောင်စီက စစ်တွေမြို့တွင်း ခံတပ်တိုးချဲ့ပြင်ဆင်
မတ်လ ၇ ရက်၊ ၂၀၂၁ ခုနှစ်တွင် ရိုက်ကူးထားသည့် စစ်တွေမြို့ရှိ စစ်ကောင်စီပိုင် အင်းဝဘဏ်ရှေ့မြင်ကွင်း။
မတ်လ ၇ ရက်၊ ၂၀၂၁ ခုနှစ်တွင် ရိုက်ကူးထားသည့် စစ်တွေမြို့ရှိ စစ်ကောင်စီပိုင် အင်းဝဘဏ်ရှေ့မြင်ကွင်း။

ရခိုင်ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင်းနေရာတချို့တွင် စစ်ကောင်စီက ခံတပ်အခိုင်အမာ တိုးချဲ့ပြင်ဆင်နေကြောင်း DMG သတင်းရင်းမြစ်ထံမှ သိရသည်။

 

စက်ရုံစုရပ်ကွက် ရဲကင်းစခန်းပတ်ဝန်းကျင်ရှိ ဒေသခံနေအိမ် အလုံး ၅၀ ထက်နည်းကို ဖြိုဖျက်ခဲ့ပြီးနောက် ခံတပ်အဖြစ် အခိုင်အမာပြင်ဆင်နေကြောင်း သိရသည်။

“နေအိမ်တွေကို ဖျက်ဆီးပြီးနောက်မှာ ရဲကင်းစခန်းကို အုတ်တံတိုင်းတွေနဲ့ အခိုင်အမာ လုပ်ဆောင်နေတာပါ။ အခုတော့ ပတ်ပတ်လည်ကို အုတ်မြစ်ချနေပြီ။ အထဲမှာ ကတုတ်ကျင်းတွေလည်း တူးထားတယ်။ အင်အားတိုးချဲ့ထားတာကိုလည်း တွေ့ရတယ်” ဟု DMG သတင်းရင်းမြစ်က ပြောသည်။

စက်ရုံစုရပ်ကွက်တွင် အခြေခံလက်လုပ်လက်စား ဒေသခံနေအိမ် ထောင်နှင့်ချီ ရှိသည်။

ရဲကင်းစခန်း နယ်မြေတိုးချဲ့မှုကြောင့် နေအိမ်ဖြိုဖျက်ခံလိုက်ရသူများမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း၊ ဆွေမျိုးနေအိမ်များတွင် နေထိုင်နေရပြီး စားဝတ်နေရေးအခက်အခဲ ရှိနေကြသည်။

“စစ်ဘေးရှောင်သွားလို့ အိမ်ပိုင်ရှင်မရှိတဲ့ အိမ်လည်းရှိသလို အိမ်ပိုင်ရှင်ရှိတဲ့ အိမ်လည်းရှိတာပေါ့။ သူတို့က ဖြိုရမယ်ဆိုတာနဲ့ ဖြိုဖျက်လိုက်ရတာ။ အိမ်ဖြိုခံရသူတွေက ဘုန်းတော်ကြီးကျောင်းတို့၊ ဆွေမျိုးနေအိမ်တွေမှာ နေနေကြတယ်။ ဒီလောက်ခက်ခဲနေတဲ့ကာလမှာ အိမ်လည်းဖြိုဖျက်ခံလိုက်ရတော့ နေထိုင်ရေးကအစ အားလုံးခက်ခဲသွားတာပေါ့”  ဟု ယင်းအခြေနေကိုသိရှိသူ စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီသည် စစ်တွေမြို့တွင်းရှိ ကျန်ရဲစခန်းများ၌လည်း ခံတပ်အဖြစ်အခိုင်အမာ ပြင်ဆင်ကာ လူအင်အားအလုံးအရင်း ဖြည့်တင်းထားကြောင်း သိရသည်။

 

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလကလည်း ကမ်းနားလမ်းတစ်လျှောက်ကို ခြံစည်းရိုးကာရံခြင်း၊ မြို့ပြင်နေရာအချို့တွင် ကတုတ်ကျင်းများ၊ စစ်ဆေးရေးဂိတ်များ တိုးချဲ့ခဲ့ပြီးနောက် လက်ရှိမှာ မြို့တွင်းနေရာအထိ ခံတပ်များ ပြင်ဆင်နေခြင်း ဖြစ်သည်။

“ဒါကတော့ရှင်းပါတယ်။ နပခတို့ မောင်တောမြို့တွေ ကျသွားရင် AA က စစ်တွေကို တိုက်လာမှာကို သူတို့ ကြိုသိနေတဲ့အတွက် မြို့ပြင်ခံစစ်ပြီးရင် မြို့တွင်းခံစစ်တွေ လုပ်လာတာဖြစ်တယ်။ တစ်ခုပြီးတစ်ခု တစ်ဆင့်ချင်း လုပ်နေတာပေါ့နော်” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး လမ်းပိတ်ထားမှု၊ ငွေကြေးနှင့် အခြားအခက်အခဲတို့ကြောင့် မြို့တွင်းနေထိုင်သူများလည်း ရှိနေသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ကြိုကြား ကြိုကြားရှိနေပြီး လက်ရှိတွင်လည်း စစ်ရေးတင်းမာလျက်ရှိနေသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...