ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီက ချင်းညီညွတ်ရေးအပါအဝင် အချက် ၃ ချက် ဆွေးနွေး

ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီက ချင်းညီညွတ်ရေးအပါအဝင် အချက် ၃ ချက် ဆွေးနွေး

ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု အားလုံးစုစည်းညီညွတ်ရေးအပါအဝင် အချက် ၃ ချက်ကို ဆွေးနွေးခဲ့ကြောင်း ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။

၈ ကြိမ်မြောက်အစည်းအဝေးကို အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ချင်းလုံမြို့တွင် ကျင်းပခဲ့ပြီး အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ်စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ပထမအချက်မှာ ချင်းပြည်နယ်အတွင်း တိုက်ပွဲဖော်ဆောင်နေသည့် စစ်ရေးနှင့်ပတ်သက်ပြီး လက်ရှိထက်ပို၍ စုစုစည်းစည်းနှင့် စစ်ရေးအောင်နိုင်ရေးကို ဆွေးနွေးခဲ့ကြကြောင်း ဆလိုင်းပေါလ်က ပြောသည်။

ဒုတိယအချက်မှာ ချင်းပြည်နယ်အတွင်း တရားဥပဒေစိုမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရေးကို လိုအပ်သည့် မူဝါဒများချမှတ်ကာ ဆက်လက်အကောင်အထည်ဖော်ရန် တာဝန်အသီးသီးခွဲဝေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တတိယအချက်မှာ ချင်းပြည်တည်ဆောက်ရေးတွင် ချင်းတော်လှန်ရေးအင်အားစုများ အားလုံး စုစုစည်းစည်း သွားနိုင်ရေး၊ စစ်ကောင်စီကို ချင်းအင်အားစုတွေ တစုတစည်းထဲ တော်လှန်နိုင်ရေး စသည့် ချင်းအင်အားစု စုစည်းညီညွတ်ရေးကို ဆွေးနွေးခဲ့ကြောင်း ဆလိုင်းပေါလ်က ပြောသည်။

“၈ ကြိမ်မြောက်အစည်းအဝေးမှာ ဒီအချက်တွေကို ဆက်လက်အကောင် အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ မဏ္ဍိုင် အသီးသီးကနေ တာဝန်ခွဲဝေမှုတွေ လုပ်ပြီးတော့ ဒီဟာတွေကို ဆက်ပြီးတော့မှ ချင်းပြည်အရေး၊ ချင်းအမျိုးသားရေးကို အလေးထားဆက်လက်ဆောင်ရွက်သွားဖို့ပဲ သွားနေတာဖြစ်ပါတယ်” ဟု ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။

ယင်းအစည်းအဝေးတွင် ၂၀၂၃ ချင်းပြည်ဖွဲ့စည်းပုံကို လေ့လာသုံးသပ်နိုင်ရေးကို အကောင်အထည်ဖော်နိုင်ရန် ယခင်က ဖွဲ့စည်းထားပြီးဖြစ်သည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးအဖွဲ့ကို လုပ်ငန်းတာဝန်များ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်ကောင်စီ၏ တတိယအကြိမ်မြောက် အစည်းအဝေးတွင် ၂၀၂၃ ချင်းပြည် ဖွဲ့စည်းပုံကို လေ့လာသုံးသပ်နိုင်ရေး ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။

လာမည့် စတုတ္တအကြိမ် ချင်းပြည်ကောင်စီအစည်းအဝေးတွင် ချင်းပြည်ဖွဲ့စည်းပုံ အဆင့်ဆင့် လေ့လာသုံးသပ်မှုကို အခြေခံ၍ ပြင်ဆင်ဖြည့်စွက်ခြင်း စသည့်လိုအပ်ချက်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

May 30, 2026
အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေသည့် လက်ရှိကာလအတွင်း မင်းတပ်မြို့ပေါ်တွင်...
May 29, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံပီး (Lungpi) ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ထားသည့်...
May 28, 2026
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့...
May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...