ရခိုင် စစ်ရှောင်စခန်းများတွင် သက်ကြီးပိုင်းများ လေဖြတ်ရောဂါအဖြစ်များလာ

ရခိုင် စစ်ရှောင်စခန်းများတွင် သက်ကြီးပိုင်းများ လေဖြတ်ရောဂါအဖြစ်များလာ

ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သက်ကြီးပိုင်းအရွယ်များ လေဖြတ်ရောဂါဖြစ်ပွားမှု မြင့်တက်လာနေပြီး ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများလိုအပ်နေကြောင်း သိရသည်။

ကျောက်တော်မြို့ရှိ ကဝိရတနာ၊ မီးရထားဘူတာ၊ ကံကြီးသျှင် စစ်ရှောင်စခန်းများတွင် လေဖြတ်ရောဂါ ခံစားနေရသည့် သက်ကြီးပိုင်းစစ်ဘေးရှောင် (၁၀) ဦးထက်မနည်းရှိပြီး ငွေကြေးအခက်အခဲကြောင့် ဆေးဝါးကုသခံရန် အခက်ကြုံနေကြရသည်။

“ဆေးကလည်း ပုံမှန်မသောက်ရဘူး။ ဆေးခန်းလည်း မပြနိုင်ဘူး။ ဆောင်းဝင်လာရင် ရောဂါပိုဆိုးလာမှာကို စိုးရိမ်နေရတယ်။ အိပ်ရင်လည်း စောင်ခင်းပြီး အိပ်ရတယ်။ အနွေးအထည်လည်း မရှိသေးဘူး” ဟု မီးရထားဘူတာစခန်းမှ လေဖြတ်ရောဂါဝေဒနာ ခံစားနေရသူ ဦးအောင်ရွှေသာက ပြောသည်။

စစ်ဘေးရှောင်စခန်းတွင် အမိုးအကာမလုံခြုံမှု၊ အနွေးအထည်မလုံလောက်မှု၊ ကြမ်းပြင်ပေါ်တွင် အခင်းမရှိဘဲ အိပ်စက်ရခြင်းတို့ကြောင့် သက်ကြီးပိုင်းများမှာ လေဖြတ်ရောဂါ အဖြစ်များလာခြင်း ဖြစ်သည်။

ရခိုင်ပြည်အတွင်း စစ်ရှောင်စခန်းများ၌ လေဖြတ်ရောဂါဖြစ်ပွားသူ အများအပြားရှိနေပြီး ဆေးဝါးကုသရန် ငွေကြေးအခက်အခဲရှိနေပြီး၊ စခန်းတွင်း ကျန်းမာရေးစောင့်ရှောက်မှုလည်း မရကြသဖြင့် ရောဂါဝေဒနာ ဆိုးရွားမှုဒဏ်ကို ခံစားနေကြရသည်။

“ဆေးဝါးမလုံလောက်မှု၊ ရှိတဲ့ဆေးဝါးတွေကလည်း အလွန်ဈေးကြီးမှုတွေကြောင့် ပြည်သူတွေမှာ ဒုက္ခကို ခါးစည်းခံနေကြရတယ်။ အဲဒီထဲ ထပ်ဆင့်ခံရတာက နာတာရှည်ရောဂါသည်တွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ပိုပြီးဆိုးတယ်” ဟု လူမှုကူညီရေးဆောင်ရွက်နေသူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

ဆောင်းရာသီရောက်ရှိလာပြီ ဖြစ်သော်လည်း အနွေးထည်လုံလောက်မှု မရှိသဖြင့် စစ်ဘေးရှောင်များမှာ ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ စိုးရိမ်နေကြသည်။

“အနွေးထည်လည်း မရှိသေးဘူး။ အိပ်ရာခင်းလည်း အလုံအလောက်မရှိဘူး။ ဒီလိုမျိုးအိပ်နေရတော့ သက်ကြီးပိုင်း မိဘနှစ်ပါးအတွက် စိုးရိမ်နေရတယ်။ ရာသီအကူးအပြောင်းဆိုရင် ကျမတို့မှာ လိုအပ်ချက်တွေနဲ့ ပြည့်နေတယ်” ဟု ကဝိရတနာစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသည့် ရခိုင်ဒေသတွင် စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်ကာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေရပြီး၊ ထိုဒဏ်များကို စစ်ဘေးရှောင်များက ပို၍ ခံစားနေကြရသည်။

July 21, 2026
The Myanmar military launched a coordinated aerial bombardment on mountain ranges in northern...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...
July 16, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသရှိ တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့်...