မြစ်ကြီးနားမှာ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းအထိမြင့်တက်

မြစ်ကြီးနားမှာ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းအထိမြင့်တက်

မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးမြင့်တက်လာတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ ပန်ဝါမြို့ကို သိမ်းလိုက်တဲ့နောက် တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်အပါအဝင် ဂိတ်အားလုံးပိတ်လိုက်တာကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး လက်ကျန်ရောင်းချနေတဲ့ ဆီပန့်ဆိုင်ကြီးတွေမှာ 92 တစ်လီတာ ကျပ် ၉၀၀၀  (ကိုးထောင်)၊ 95 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးတက်နေတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“ဆိုင်ကြီးတွေမှာထည့်ရင်တော့ တစ်လီတာ ၁၀၀၀၀ (တစ်သောင်း) ရှိတဲ့အပြင် ပုလင်းချိန်ဆိုင်တွေမှာထည့်ရင်တော့ ၁၁၀၀၀ (တစ်သောင်းတစ်ထောင်) ရှိတယ်။ ဆီက အတက်ပဲရှိတာပါ လမ်းမှပြန်မဖွင့်သေးတာ”လို့ သူက ပြောပါတယ်။

ကံပိုက်တည်နယ်စပ်ဂိတ်မပိတ်ခင် မြစ်ကြီးနားမှာ 92တစ်လီတာ ကျပ် ၆၀၀၀ (ခြောက်ထောင်) ၊95 တစ်လီတာ ကျပ် ၆၅၀၀  ရှိရာကနေ ၂ ပတ်အတွင်း စျေးတစ်ဆမြင့်တက်သွားတာ ဖြစ်ပါတယ်။

လတ်တလော မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်နေတာကြောင့် မြို့ပြင်ဆီပန့်ဆိုင်တစ်ချို့စပိတ်လာသလို အချိန်ပိုင်းနဲ့ဖွင့်တဲ့ဆိုင်တွေလည်း များလာနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“မြို့ထဲမှာတော့မပိတ်ဘူးအားလုံးပုံမှန်ဖွင့်နေတာတွေ့တယ်။ နည်းနည်းမြို့ပြင်ကျတဲ့ရွှေစက်တို့လိုနေရာတွေမှာတော့ တဆိုင်တလေပိတ်ထားတယ်။ တွေ့ရသလောက် နှစ်ဆိုင်သုံးဆိုင်လောက်ရှိတယ်။ ပိတ်ထားတာ”လို့ ရွှေစက်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ကံပိုင်တည်မှာ စစ်တပ်ဘက်က အရပ်သားပြည်သူတစ်ချို့လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာတွေလည်း ရှိနေတဲ့အပြင် မြို့ပတ်ပတ်လည် စစ်ရေးလှုပ်ရှားတာတွေတော့ရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

အခုလို ကံပိုက်တည်လမ်းပိတ်နေတဲ့အတွက် စက်သုံးဆီနဲ့အလားတူ တစ်ခြားသောအခြေခံစားသောက်ကုန် ၊လူသုံးကုန်တွေလည်း စျေးဆက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြန်မာ– တရုတ်နယ်စပ်ဂိတ် ပန်ဝါ၊ဖိီမော်၊ကမ်းဖန့်၊လွယ်ဂျယ်၊လိုင်ဇာ၊ ကံပိုင်တည်ဂိတ်ရှိတဲ့ထဲ ကံပိုင်တည်နယ်စပ်ဂိတ်တစ်ခုသာလျှင် စစ်ကောင်စီကထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ကံပိုင်တည်–ဆဒုံး– ဝိုင်းမော်လမ်းပိုင်းကိုတော့ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

March 2, 2026
KIO/KIA  ထိန်းချုပ်ထားတဲ့ ပန်ဝါမှာ စစ်တပ်လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတဲ့အတွက်...
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ပူတာအိုဒေသမှာ စစ်တပ်ထောက်ခံသူတွေက KIA နဲ့ PDF ကိုဆန္ဒပြထုတ်ဖော်ခဲ့
February 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မြစ်ကြီးနားလေယာဉ်ကွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး KIA ကို...
February 26, 2026
မြစ်ကြီးနားမြို့မှာ အများပြည်သူသုံး လမ်းမပေါ်သဲကျောက်သယ်တဲ့...
February 25, 2026
လူထုရဲ့ကန့်ကွက်မှုတွေကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကြာရပ်နားခဲ့ရတဲ့...