မဏိပူရ်အကျဉ်းထောင်ထဲက မြန်မာစစ်ရှောင် ၁ ဦး ဆေးဝါးကုသနိုင်ရေး အကူအညီလိုအပ်နေ

မဏိပူရ်အကျဉ်းထောင်ထဲက မြန်မာစစ်ရှောင် ၁ ဦး ဆေးဝါးကုသနိုင်ရေး အကူအညီလိုအပ်နေ

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင် ၁ ဦးသည် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသောကြောင့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း India for Myanmar တည်ထောင်သူ ဆလိုင်းဒိုရ်ခါက ပြောသည်။

မဏိပူရ် အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရသည့် အသက် ၅၀ ကျော်အရွယ် ဦးအောင်မင်းသည် နာတာရှည် အဆုတ်ရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးကုသမှု ခံယူရန် လိုအပ်နေကြောင်း ဆလိုင်းဒိုရ်ခါက ပြောသည်။

“ဦးအောင်မင်းဟာ အဆုတ်ထဲမှာ ရေရှိတော့ စုပ်ထုတ်ဖို့ အရေးပေါ် အကူအညီ လိုအပ်နေတာပါ။ အရင်ကတည်းကနေ ထုတ်ပေးနေကျလူဆိုတော့ သူကထောင်ထဲ ရောက်သွားတော့ ပုံမှန်မစုပ်ဖြစ်တော့ သူတော်တော်လေး ဒုက္ခရောက်နေတဲ့ အခြေအနေလို့ ကျနော်တို့ကို သတင်းပို့လာတာပါ” ဟု ဆလိုင်းဒိုရ်ခါက ပြောသည်။

လာမည့်သောကြာနေ့တွင် ဦးအောင်မင်းကို ခွဲစိတ်ကုသမှုပြုလုပ်ရန် စီစဉ်ထားပြီး ခွဲစိတ်မှု မပြုလုပ်မှီ ကြိုတင်ပြင်ဆင်မှုအနေဖြင့် သောက်သုံးရမည့် ဆေးဝါးများလည်း လိုအပ်နေကြောင်း၊ အကျဉ်းထောင်မှလည်း ဆေးဝါးကူညီထောက်ပံ့မှုများ မရရှိ၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

 

မဏိပူရ်အကျဉ်းထောင်ထဲက စစ်ဘေးရှောင် ဦးအောင်မင်းသည် အိန္ဒိယ၏ နိုင်ငံခြားသားအက်ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

အိန္ဒိယပြည်နယ်ထဲက အကျဉ်းထောင်များအတွင်း ဦးအောင်မင်းကဲ့သို နာတာရှည်ရောဂါများဖြင့် ဆေးဝါးကုသရန် အကူအညီများ လိုအပ်နေသူ ၁၃ ဦးထက်မနည်း ရှိကြောင်း India For Myanmar ၏ စာရင်းများအရ သိရသည်။

“သူတို့က ပုံစံမျိုးစုံဖြစ်နေတာပေါ့နော်။ တီဗီရောဂါ၊ အရင်တုန်းက အရိုးတွေ ခွဲစိတ်ဖူးတဲ့ လူကျတော့ အရိုးနာရောဂါဟာမျိုး၊ ပုံစံမျိုးစုံရှိတယ်။ သူတို့က ပုံမှန်ဆေးသောက်နေရတဲ့ လူတွေဖြစ်တယ်။ ထောင်ထဲမှာလည်း လိုအပ်တဲ့ဆေး  ပုံမှန် မရတဲ့အခါကျတော့ သူတို့ရဲ့ အနာရောဂါတွေဟာ ဒုက္ခပေးတယ်ဆိုတဲ့ ပုံစံမျိုးစုံနဲ့တော့ ကြုံနေရတာပေါ့” ဟု ဆလိုင်းဒိုရ်ခါက ပြောသည်။

အကျဉ်းထောင်များအတွင်းက နာတာရှည်ရောဂါခံစားနေရသည့် မြန်မာစစ်ဘေးရှောင် များသည့်အပြင် မိသားစုများထံမှ ဆေးဝါးများမှာယူသောက်သုံးရပြီး တချို့မိသားစုများမှာ ဆေးဝါး ဝယ်ယူနိုင်ရေးအတွက် ပိုမိုခက်ခဲလာနေကြကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင် အကျဉ်းသား/သူ ၂၀၀ နီးပါး ရှိကြောင်း သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...