KNU တပ်မဟာ(၃)ရှိ တုံးတံတား စစ်ကောင်စီစခန်းတွင် တိုက်ပွဲပြင်းထန်

KNU တပ်မဟာ(၃)ရှိ တုံးတံတား စစ်ကောင်စီစခန်းတွင် တိုက်ပွဲပြင်းထန်

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ တုံးတံတား စစ်ကောင်စီတပ်စခန်းကို စစ်တပ်က ပြန်လည်အခြေချနိုင်ရန် ကြိုးပမ်းလာသဖြင့် ယခု အောက်တိုဘာလအတွင်းမှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ကေအဲန်ယူနှင့် ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်က တပ်မဟာ(၃) KNLA တပ်ရင်း(၉) နယ်မြေအတွင်းရှိသည့် တုံးတံတား စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဘက်မှ အထိအခိုက်မရှိ တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းအား စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရန် ရွှေကျင်မြို့နယ်ဘက်မှ အင်အားအများအပြားဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်။

တပ်ဖွဲ့ဝင် အင်အား(၃၀၀)ဝန်းကျင်ဖြင့် ဝင်ရောက်လာသော စစ်ကောင်စီတပ်များသည် အဆိုပါစခန်းတွင် ပြန်လည်အထိုင်ချနိုင်ရန် ကြိုးပမ်းနေကြသည့်အတွက် KNLA ပူးပေါင်းတပ်က တွန်းလှန်တိုက်ခိုက် နေခြင်းဖြစ် သည်ဟု KNU ရွှေကျင်မြို့နယ်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက "အဲဒီစခန်းကို KNLA ဘက်က ရပြီးတဲ့နောက်ပိုင်း စစ်တပ်ဘက်ကပြန်ယူထားတာ။ ဒါပေမဲ့ ပြန်ထိုင်ဖို့ကတော့ လက်ရှိအချိန်ထိ သူတို့ကြိုးစားနေတုန်းပဲဖြစ်တယ်။ ပြန်လာယူပေမယ့် နေလို့မရလို့အောင် ဒီဘက်တော်လှန်ရေးအင်အားစုက တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဘက်က အင်အားတွေတိုးချဲ့လာတာ။ အင်အား(၃၀၀)လောက်တက်လာကြတယ်။'' ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်များသည် ရွှေကျင်မြို့နယ်အတွင်းရှိ သံဆိပ်မင်းလမ်းရွာတပ်စခန်းတွင်လည်း တပ်စွဲထားသလို ထိုမှ တုံးတံတားတစ်လျှောက် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာကြသည့်အတွက် နှစ်ဖက်တိုက်ပွဲပြင်း ထန်နေကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

 KNLA နှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ''ဘယ်က တပ်ရင်းတွေလဲတော့မသိဘူး၊ အင်အားကတော့ တော်တော်များတယ်။ သံဆိပ်ဘက်ကနေ ဝင်ချလာတာ တုံးတားတောက်လျှောက်ပဲ။ အဲဒီလမ်းကြောင်းပေါ်က ရွာတွေမှာလည်း နှစ်ဖက်ဆိုင်ထားတယ်။ နေ့တိုင်းပဲပွဲတွေဖြစ်နေတာ တုံးတံတားစခန်းကတော့ စစ်တပ်က အခုထိပြန်ထိုင်မရသေးဘူး" ဟု ပြောသည်။

တုံးတံတားစခန်းကို တိုက်ခိုက်ရရှိစဥ်က စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ကို ပူးပေါင်းတပ်ဘက်က သိမ်း ပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ရရှိမှုများခဲ့သည်ဟုလည်း ပူးပေါင်းတပ်တွင်ပါဝင်ခဲ့သည့် တော်လှန်ရေးအင်အားစုအချို့က မီဒီယာသို့ထုတ်ဖော်ပြောပြချက်အရ သိရသည်။

တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်အတွင်း မေလ(၇)ရက်နေ့က စစ်ကောင်စီတပ်များ စွန့်ခွာမှုကြောင့် သိမ်းပိုက်ရရှိလိုက်သော ပဒဲကောကျေးရွာရှိ ဘောကထ စစ်ကောင်စီတပ်စခန်းပြီးနောက် KNLA တပ်ရင်း(၉) ပါဝင်သော ပူးပေါင်းတပ်အနေဖြင့် ကုန်းမြင့်သာယာကျေးရွာရှိ စစ်တပ်စခန်းကို ဩဂုတ်လ(၃၁)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သေးသည်။

ထို့ကြောင့် မေလမှ အောက်တိုဘာလအတွင်း KNLA ပူးပေါင်းတပ်က ဝင်ရောက်ရှင်းလင်းနိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းမှာ ယခု တုံးတံတားစခန်းအပါအဝင် စခန်း(၃)ခုရှိခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တို့က ဆိုသည်။

Most read this week

January 29, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်...
January 28, 2026
ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်မြေထဲတွင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းအတွက် အဆောက်အဦသစ်များ...
Photo credit- เอก เกียรติศักดิ์ แม่สอด
January 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ(၂၆)ရက်နေ့က မြန်မာဘက်...
January 26, 2026
မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ(၁၉)ရက်နေ့ညပိုင်းက...