အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်

အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်

ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းမှာ  တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့  ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပါတယ်။

တရုတ်နယ်စပ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီးက စင်ကြိုင်ကျေးရွာရှိ  နယ်ခြားစောင့်တပ်ဌာနချုပ် (၁၀၀၃)  ကို သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

“ BGF ၁၀၀၃ တပ်ရင်းဌာနချုပ် စင်ကြိုင် ဝေါ့ခရုန်းစစ်တပ်ကို ညနေပိုင်း အားလုံးရှင်းလိုက်ပြီလို့ ရှေ့တန်းသတင်းရပ်ကွက်ကနေ အတည်ပြုပေးတာ ရှိပါတယ်။ ဒါကြောင့် Confirm(အတည်ပြုနိုင်) ဖြစ်ပါပြီ“လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက နယ်ခြားစောင့်တပ် (BGF)     ၁၀၀၃   တပ်ရင်းဌာချုပ်ဘက်က ရှေ့တန်းကာကင်း စခန်းငယ်တွေကို တိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းမှာတော့  တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေရဲ့ ထိုးစစ်ရက်ပေါင်း (၂၀) ဝန်းကျင်အတွင်းမှာ အထက်ပါတပ်ရင်းအပြင် နယ်ခြားစောင့်တပ်(BGF)ဌာနချုပ် အခြေစိုက်ရာ ပန်ဝါမြို့၊ ချီဖွေမြို့ နဲ့ဆော့လော်မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ KIA ပူးပေါင်းတပ်တွေကနေ ကချင်အထူးဒေသ (၁) အတွင်းက အမှတ် ၁၀၀၂ နဲ့ အမှတ် ၁၀၀၃ တပ်ရင်းတွေကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်ပြီး ဂမ်ခွန်းကျေးရွာရှိ နယ်ခြားစောင့်တပ်ဌာနချုပ် (၁၀၀၁)  တပ်ရင်းတစ်ခုတည်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ကချင်အထူးဒေသ (၁) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ  ၁၀၀၂၊  ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီးက  ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိချိန်မှာတော့ ဝိုင်းမော်မြို့ကလွဲပြီး ဝိုင်းမော်- ချီဖွေလမ်းတစ်လျှောက်နဲ့ ဝိုင်းမော်-ဆဒုံး- ကန်ပိုက်တီ လမ်းတစ်လျှောက်(နေရာဒေသအများစု) ကတော့ KIA ထိန်းချုပ်ဧရိယာအတွင်းမှာ ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။

April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...
April 21, 2026
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၃ ရက်ကြာလာတဲ့အချိန်...
ဓါတ်ပုံ(Credit)- EEDY
April 20, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့မှာ  ဝန်ထမ်းအတွဲ ၆၀ ရဲ့...